မကွေးတိုင်း၊ ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းက ရဲတပ်သားတဦးဟာ စစ်ကောင်စီရဲ့ မတရားမှုကို ဆန့်ကျင်ပြီး မေ ၁၆ ရက်က လက်နက်ခဲယမ်း အပြည့်အစုံနဲ့ PDF-ထီးလင်းကတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်ခဲ့ပါတယ်။
PDF-ထီးလင်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသူလင်းကျော်က "အခုလိုမျိုး ပြည်သူ့ဘက်ကို အလင်းဝင်တဲ့သူတွေအတွက် ကျနော်တို့က အမြဲတမ်း တံခါးဖွင့်ထားတယ်။ စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးရဲ့ စိတ်ထဲမှာ ဒီလိုမျိုး လက်နက်နဲ့ အလင်းဝင်တာတို့၊ ပြည်သူ့ဘက်ကို ကူးပြောင်းတာတို့ကို အမြဲတမ်း ကြိုဆိုလျက်ပါ။ ကျနော်တို့နဲ့ ပူးပေါင်းဖို့၊ ပြည်သူ့ဘက်ကို ရပ်တည်ဖို့ အချိန်မနှောင်းသေးပါဘူး။ စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးဟာ အရှိန်ဟုန်မြှင့်နေပါပြီ။ ဒီလိုမျိုးသာ ဆက်ပြီးတော့ ပြည်သူ့ဘက်ကို ဆက်ပြီး ကူးပြောင်းခဲ့ကြမယ်ဆိုရင် ကျနော်တို့ရဲ့ တော်လှန်ရေးက အမြန်ဆုံး ပြီးဆုံးနိုင်မှာပါ" လို့ ပြောပါတယ်။
အဲဒီရဲတပ်သားဟာ MA13 သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆန် ၆၅ တောင့်နဲ့အတူ အလင်းဝင်လာတာဖြစ်ပြီး သူနဲ့ သူ့မိဘတွေကို ပ.က.ဖ အဖွဲ့တွေက လုံခြုံတဲ့နေရာကို ခေါ်သွားပြီး ငွေကျပ် သိန်း ၅၀ ဂုဏ်ပြုဆုချီးမြှင့်ခဲ့တယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြတယ်လို့ သိရပါတယ်။