မကွေးတိုင်းထဲမှာ စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်နိုင်ဖို့အတွက် လက်နက်ခဲယမ်း အခက်ခဲတွေဖြစ်နေလို့ ၂ မိုင် အကွာဝေးလောက်ထိ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ တာဝေးပစ်လက်နက်တစ်မျိုးကို ထပ်မံစမ်းသပ် ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ ပေါက်မြို့နယ်၊ တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့မှာ SPGF က ပြောပါတယ်။
SPGF ရဲ့ လက်နက်ကြီးပိုင်း ဆိုင်ရာ တာဝန်ခံ ဗိုလ်လပြည့်က “SPGF အနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ တိုက်တဲ့အခါ တစ်တောင့်ထိုး လက်လုပ်သေနတ်တွေကိုသာ အဓိကထားပြီး တိုက်ခိုက်နေရတာ။ လက်နက်အင်အား ကွာခြားချက်ကြောင့် ရဲဘော်တွေ ထိခိုက်ကျဆုံးတာရှိသလို ပြောက်ကျားနည်းဗျူဟာနဲ့ တိုက်ခိုက်ပြီး နောက်ဆုတ်ပေးခဲ့ရတာတွေရှိတယ်။ ဒါကြောင့်မို့ တာဝေးပစ်လက်နက်ကြီးတွေကို ဆန်းသစ် တီထွင်မှုမျိုးစုံနဲ့ နေ့စဥ်နဲ့ အမျှကြိုးပမ်းဆောင်ရွက်ခဲ့တာ အရည်သွေးမြင့် 60MM လက်နက်ကြီး တမျိုးကို အောင်မြင်စွာ ထပ်မံ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်”လို့ ပြောပါတယ်။
အခုတီထွင်ထုတ်လုပ်လိုက်တဲ့ လက်နက်အမျိုးအစားက အရင်က လက်နက်တွေနဲ့မတူဘဲ 60MM ကျည်နဲ့ ပြောင်းက ကွက်တိဖြစ်နေလို့ ပြင်းအားလည်းပိုပြီး ၂ မိုင်အကွာဝေးလောက်အထိ ပစ်ခတ် တိုက်ခိုက်နိုင်တယ်လို့လည်း SPGF ပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။
ဒီလက်နက်ကြီးကို ထုတ်လုပ်ဖို့ တလခွဲလောက် အချိန်ယူကြိုးစားခဲ့ရပြီး လက်နက်ကြီးယမ်း၊ အိန္ဒိယ ယမ်းတွေကို အသုံးပြုပြီးထုတ်လုပ်ခဲ့တာပါ။
တစ်နေ့ကို လက်နက်ကြီး ကျည်အရေအတွက် အရေအတွက် ၅ ခွံလောက် ထုတ်လုပ်နိုင်ပြီး မိဘပြည်သူတွေအနေနဲ့လည်း မိမိတို့ တတ်နိုင်သမျှ ထောက်ပံကူညီပေးပြီး ပြည်သူ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ပေါက်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ကြလို့ နေအိမ် ၁၁၀၀ ကျော် မီးလောင်ဆုံးရှုံးကာ ပြည်သူ ၂၀၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။