စစ်ကောင်စီလက်အောက်မှာလုပ်ကိုင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး ကိုယ့်အသိစိတ် ဓာတ်နဲ့ နုတ်ထွက်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)ရဲ့ မြစ်ကြီးနားနဲ့ ဟူးကောင်းခရိုင်ရုံးတို့က မေလ ၁၄ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်ကောင်စီက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မတရား အဓမ္မသိမ်းယူပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာကြောင့် ပြည်သူ လူထုတရပ်လုံးက စစ်အာဏာရှင်ကို လုံးဝ လက်မခံဘဲ စစ်အာဏာရှင် ကျရှုံးရေး အတွက် နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲ ဝင်နေကြတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြစ်ကြီးနားခရိုင်နဲ့ ဟူးကောင်းခရိုင်ထဲမှာရှိတဲ့ မြို့နယ်၊ ကျေးလက်ဒေသ အားလုံးမှာ စစ်ကောင်စီရဲ့ လက်အောက်ခံ ဝန်ကြီးဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမှုထမ်း အရာထမ်းတွေ အားလုံး မိမိစိတ်ဆန္ဒနဲ့ လက်ရှိထမ်းဆောင်နေတဲ့ တာဝန်တွေကနေ နုတ်ထွက် ရပ်နားသွားဖို့ အလေးအနက် တိုက်တွန်း လိုက်တယ်လို့ ဆိုပါတယ်။
တကယ်လို့ တာဝန်ကနေ မနုတ်ထွက် မရပ်နားဘဲ စစ်ကောင်စီ လက်အောက်မှာဆက်လက် အမှု ထမ်းနေရင် ဖြစ်ပေါ်လာမယ့် ပြဿနာ အကျိုးဆက်တွေ အားလုံးဟာ ကာယကံရှင်ရဲ့ တာဝန်ပဲဖြစ်တယ်လို့လည်း ကချင်လက်နက်ကိုင်အဖွဲ့က သတိပေးထားပါတယ်။