အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို ရောင်းချနေရာမှာ ၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၃ သန်းဖိုး ရှယ်ယာရောင်းထားရပြီး ဝယ်ယူသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။
NUG အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “ဒီကနေ့ညမှာပဲ ၁၄/အင်းလျားမစ်ရှင် ၃ ပုံ ၁ ပုံ ခန့် အောင်မြင်ခဲ့ပါပြီ။ စတင်ရောင်းချပြီး ငါးရက်ပြည့်မြောက်ချိန်မှာ ပြည်တွင်း/ ပြည်ပကနေ တခဲနက် ဝယ်ယူအားပေးကြတာ အမေရိကန်ဒေါ်လာ ၃ သန်း ပြည့်မီသွားပြီ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ စုစုပေါင်းရှယ်ယာဝယ်ယူမှု အကြိမ်ရေငါးထောင်ကျော်ရှိသည့်အနက် ၁၀ ရာခိုင်နှုန်းကျော်က နိုင်ငံခြားသားများ ဝယ်ယူကြတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ-အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားသား ခံယူလိုက်သူတွေ ပါသလို၊ မြန်မာပြည်ဖွား မဟုတ်တဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်နေပါတယ်။ အာဏာရှင်ရွံ့မုန်းစိတ်၊ အမှန်တရားကို ချစ်မြတ်နိုးစိတ်ဆိုတာ လူမျိုးဘာသာ၊ အသားအရောင်၊ နိုင်ငံသား၊ လိင်စိတ်ကွဲပြားတိမ်းညွှတ်မှုတွေကို ကျော်လွန်ဖြစ်တည်နေတဲ့ လူသားဆန်မှု အလှတရားတခုသာ ဖြစ်ပါတယ်။ အဆိုပါ အလှတရား အားကောင်း ခိုင်မာ၊ ဆင့်ပွားကျယ်ပြန့်စေခြင်းအားဖြင့် အာဏာရှင်တွေကို “နိဂုံးကမ္မအဆုံးသတ်”ပေးလိုက်ကြပါစို့။”လို့ ပြောပါတယ်။
မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေ တာပါ။
ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်းဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ် ရေးထိုးထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတခုကို မကြာသေးခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းကငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက်ရှိပါတယ်။
ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။