ကရင်နီ(ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ ၁ ဦး ပါအဝင် အနည်းဆုံး ၂၅ ဦး သေဆုံးပြီး လက်နက်တွေနဲ့ ကျည်ဆန်ထောင်ချီ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဒီဗွီဘီကို ပြောပါတယ်။
ဖရူဆိုမြို့နယ် မာခရော်ရှေ့ရွာနဲ့ လောကျေခူရွာသစ်ကျေးရွာကြား မေလ ၇ ရက် မနက်က တကြိမ်နဲ့ ညနေပိုင်းတကြိမ် စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲ နှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်သာ ၂၅ ဦးထက်နည်း သေဆုံးကာ၊ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရသူက “ကျနော်တို့ KA က တယောက်တော့ ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်က ပထမ တပွဲဖြစ်စ်တယ်၊ ညနေပိုင်းမှာ ဒုတိယတပွဲ ထပ်ဖြစ်တာပေါ့လေ။ တရက်တည်း နှစ်ပွဲပေါ့၊ အချိန်နည်းနည်းလေး ခြားပြီးမှ ပစ်တယ်လို့ ပြောလို့အဆင်ပြေမှာပါ။ စစ်ကောင်စီဘက်ကတော့ ပထမတပွဲမှာတော့ ၁၇ ယောက်လောက်သူတို့ကျမယ်၊ တချို့တော့ဒဏ်ရာရတာပေါ့လေ။ ဒုတိယတပွဲမှာ သူတို့ ၇ ယောက်လောက် သေဆုံးတာရှိတယ်။ ပထမနဲ့ ဒုတိယတပွဲပေါင်းရင် ၂၅ ယောက်လောက်ရှိ သေဆုံးတာတော့ အနီးစပ်ဆုံးအရေအတွက်ပေါ့လေ။ ပြီးတော့မှ ဒဏ်ရာရနေတဲ့ စစ်ကောင်စီတပ်သား တဦးကို ကျနော်တို့ဖမ်းဆီးမိတာရှိတယ်။ သေဆုံးတဲ့အထဲမှာတော့ ဒုတိယ ဗိုလ်မှူးကြီးတယောက်တော့ ပါသွားတယ်လို့တော့ သိရတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေ စီးလာတဲ့ စစ်ကား ၄ စီးနဲ့ ရိက္ခာတွေကို ဖျက်ဆီးလိုက်သလို လက်နက်နဲ့ကျည်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရသူက ဒီဗွီဘီ ကိုပြောပါတယ်။
“သေနတ်က အားလုံး ၁၅ လက်ရှိမယ်ရတာ၊ ကျနော်တို့ ကား ၄ စီး ဖျက်ဆီးနိုင်တာပေါ့လေ။ ကား ၄ စီးမှာမှ တချို့ကားတွေက ရိက္ခာတွေ သယ်လာတာရှိတယ်၊ တချို့ကားမှာက စစ်အသုံးအဆောင်တွေပါတယ်၊ ပြီးတော့ ဆေးဝါးတွေတချို့ရှိတာပေါ့လေ။ အဲဒါ ကား ၄ စီးပေါ်မှာ ပါတဲ့ဥစ္စာပေါ့နော်။ ကျနောတို့ ကျည်ဆန်တွေ တထောင်ကျော်လောက်ရတယ်။”
ဘောလခဲမြို့နယ်ကနေ ရိက္ခာသယ်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မနက် ၈ နာရီခွဲဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲအတွင်း KA၊ KNDF B-04၊ KNDF B-15 ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
မေလ ၆ ရက်ကလည်း ဖရူဆိုမြို့နယ်မှာ ကင်းပုန်းချနေတဲ့ စစ်ကောင်စီတပ်သားနဲ့ KA၊ KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF B-15 က ရဲဘော်ယောက် ကျဆုံးခဲ့ပါတယ်။