မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်နယ်မြေရဲစခန်းက ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDM ပြုလုပ်ကာ ချင်းကာကွယ်ရေးတပ် (ကလေး၊ကဘော်၊ဂန့်ဂေါ) CDF-KKG ဆီ အလင်းဝင်ခဲ့တယ်လို့ မေ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့ လောင်းရှည်ရဲစခန်းက လ/၂၇၇၄၀၄ ရဲတပ်သား အောင်ကျော်လင်းဟာ စစ်ကောင်စီရဲ့ မတရားမှုကို ဆန့်ကျင်ပြီး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDM ပြုလုပ်ကာ CDF-KKG ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ CDF-KKG ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ရဲတပ်သားအောင်ကျော်လင်းဟာ M22 မောင်းပြန်သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆန် ၉၁ တောင့်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတာကြောင့် ထိုက်သင်တဲ့ ဆုကြေးငွေ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ CDF-KKG ထံကို စစ်ကောင်စီတပ်သားနဲ့ ရဲ ၈ ယောက်အလင်းဝင်ရောက်ခဲ့ကာ လက်နက်ခဲယမ်းအပြည်စုံနဲ့ အလင်းဝင်လာသူတွေကို ထိုက်သင့်တဲ့ ဆုကြေးငွေချီးမြှင့်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြတယ်လို့ သိရပါတယ်။