ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ မေ ၅ ရက်နေ့က ပညာရေး CDM ဝန်ထမ်းတဦးရဲ့နေအိမ်ကို စစ်ကောင်စီ တပ်သားတွေက လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
ပညာရေး CDM ဝန်ထမ်း ကိုပြည်ဖြိုးရဲ့ နေအိမ်အပါဝင် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံးကို စစ်ကောင်စီ တပ်သား တွေက တနေ့တည်းမှာတင် ချိပ်ပိတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“အားလုံးချိပ်ပိတ်ခံရတာ ၃ လုံး ဘာလို့လဲဆိုတာတော့ သေချာမပြောတတ်ဘူးဗျ။ ခုက သိတဲ့အတိုင်း သူတို့ ခေတ်ဆိုတော့ အကြောင်းပြချက်ပေးစရာမလိုဘူးလေ၊ မေးလည်း မမေးရဲကြဘူး လုပ်ချင်တိုင်း လုပ်နေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ပညာရေး CDM ဝန်ထမ်းအပါဝင် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံးကို ချိပ်ပိတ်တာဟာ PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ခုလိုမျိုးလုပ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
နေအိမ် ချိပ်ပိတ်ခံရတဲ့ ပညာရေး CDM ဝန်ထမ်းဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလထဲက CDM မှာ ပါဝင်ခဲ့သူဖြစ်ပြီး နေအိမ်ကထွက်လာပြီးနောက်ပိုင်း ၈ လကျော်အကြာမှာ ခုလိုစစ်ကောင်စီက ခုလိုချိပ်ပိတ်ခဲ့တာလို့ သိရပါတယ်။
PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ နေအိမ်တွေကို ချိပ်ပိတ်ခံခဲ့ရသူတွေဟာ အကြမ်းဖက်ဉပဒေတွေနဲ့ အမှုဖွင့်ခံထားရလို့ နေထိုင်ရာမြို့ကနေ တိမ်းရှောင်နေရတဲ့သူတွေလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။