Home
မြန်မာသတင်း
ပြည်ထောင်စု၏ပြဿနာကို အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် ချင်းအမျိုးသားတပ်ဦး ကြေညာ
DVB
·
May 6, 2022
242802846_200508375513033_2036588858089123624_n

ပြည်ထောင်စုရဲ့ ပြဿနာတွေကို ပါဝင်သင့်တဲ့ Stakeholder အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုနဲ့ အဖြေရှာဖို့လိုအပ်တယ်လို့ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့   ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဧပြီ ၂၂ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားတာနဲ့ ပတ်သက်လို့  ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီက မေလ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။

“ပြည်ထောင်စုရဲ့ ပြဿနာတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာရေးဟာ မိမိတို့ အစဉ်တစိုက် ပြောဆိုခဲ့တဲ့ အရာဖြစ်တယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမယ်ဆိုရင် ပါဝင်သင့်တဲ့  Stakeholder တွေအားလုံးပါဝင်ဖို့၊ နိုင်ငံတကာမှ ကြားဝင်စေ့စပ်ပေးဖို့၊ နိုင်ငံရေးပြဿနာတွေကို အမှန်တကယ် အဖြေရှာဖို့ လိုအပ်တယ်”လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်  ပြည်ထောင်စုရဲ့ ပြဿနာတွေကို ပါဝင်သင့်တဲ့ တွေအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုနဲ့ အဖြေရှာဖို့ လိုအပ်ကြောင်းနဲ့ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ပြည်သူလူထုနဲ့ အတူ ရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း  ထုတ်ပြန်ကြေညာထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)ကလည်း  လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အချိန်ကောင်း မဟုတ်သေးဘူးလို့ တုံ့ပြန်ထားပါတယ်။

လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ တိုင်းပြည် လူထုရဲ့မျက်နှာကို  မျက်မှောက်ပြုပြီး  ပါဝင်သင့်ပါဝင်ထိုက်တဲ့ အင်အားစုတွေ ပါဝင်ဖို့ လိုအပ်သလို ထိုးစစ်ဆင်မှုတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ရပ်တန့်ဖို့နဲ့ စစ်အင်အား ဖြည့်တင်းနေတာ ချက်ချင်း ရုပ်သိမ်းဖို့လည်း တောင်းဆိုထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်သင့်တဲ့သူတွေ အားလုံးပါဝင်နိုင်ပြီး နိုင်ငံရဲ့ အရေးအရာတွေကို တန်းတူဆွေးနွေးနိုင်မယ့် အချိန်အခါ၊ အခင်းအကျင်းရောက်မှသာ ပါဝင်ဆွေးနွေးနိုင်မယ်လို့ ကေအိုင်အိုထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကတော့  စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ ဘာတွေ ဆွေးနွေးလဲဆိုတာညှိနှိုင်းဖို့ အစည်းအဝေးကျင်းပနေပြီး UWSA ‘ဝ’ တပ်ဖွဲ့ ခေါင်းဆောင်တဲ့  အန်စီအေလက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကတော့ ဒီကိစ္စ မဆုံးဖြတ်ရသေး ဘူးလို့ ပြောပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024