အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)က လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အချိန်ကောင်း မဟုတ်သေးဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးဟာ တနိုင်ငံလုံး လွှမ်းခြုံတဲ့ တွေ့ဆုံဆွေးနွေးမှုမဖြစ်သလို လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းဖော်ထုတ်မှုမဟုတ်တဲ့အတွက် တွေ့ဆုံဆွေးနွေးဖို့ အချိန်ကောင်း မဟုတ်သေးဘူးလို့ မေလ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာပါ။
ကေအန်ပီပီ အတွင်းရေးမှူး ၁ ခူးဒယ်နီရယ်က “ဒီဖိတ်တဲ့အပေါ်မှာကတော့ ကျနော်တို့ (NO) ဆိုတာတော့ ထည့်မရေးဘူးပေါ့နော်။ ကျနော်တို့ကတော့ ဒီအချိန်က အချိန်ကောင်းမဟုတ်သေးဘူးလို့ ပြောထားတယ်။ ဘာကြောင့် အချိန်ကောင်းမဟုတ်လဲဆိုရင် ကျနော်တို့ တိုင်းရင်းသားနယ်မြေမှာ အခုလက်ရှိက စစ်ဆင်ရေးတွေက ရှိနေတယ်။ နောက် ဒေသခံမဟုတ်တဲ့ တပ်ရင်းတွေ၊ တပ်မ တွေအများကြီးဝင်လာတယ်။ အဲဒါတွေက စစ်ဆင်ရေးလုပ်နေတယ်။ နောက်တချိန်တည်းမှာပဲ တိုက်ပွဲဖြစ်နေရင်းနဲ့ ရွာတွေကို မီးရှို့တယ်။ လူထုတွေကို မတရားသတ်ဖြတ်တာတွေရှိတယ်၊ မတရား ဖမ်းဆီးခံရတာတွေ ရှိတယ်။ အဲဒါကိုလည်း လုပ်နေဆဲပေါ့နော်။ နောက်ပြီးမှ စစ်ရှောင်တွေ၊ ဒုက္ခရောက်နေတဲ့ လူထုတွေကို ကူညီကယ်ဆယ်ဖို့ အခွင့်အလမ်းတွေကိုလည်း သူမပေးဘူး။ ကူညီတဲ့လူကိုတောင်မှ တွေ့ရင် သူဖမ်းတယ်။ အဲဒီလိုလုပ်တာနဲ့ အခု ဖိတ်ခေါ်တဲ့ဟာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ ဒါ မသွားသင့်သေးဘူး အချိန်ကောင်းမဟုတ်သေးဘူးဆိုတာကျနော်တို့ ပြောထားတာဖြစ်တယ်။” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို စိတ်ရင်း စေတနာအမှန်နဲ့ တည်ဆောက်လိုတဲ့ နိုင်ငံရေးအာသီသ ရှိမယ်ဆိုရင် ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွလက်တွဲဆောင်ရွက်ဖို့အတွက် သဘောတူ လက်ခံထားတဲ့ အင်အားစုအားလုံးကို ဖိတ်ခေါ်နိုင်သွားမှသာလက်ရှိ ရင်ဆိုင်ကြုံတွေနေရတဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် လမ်းပွင့်သွားမှာ ဖြစ်ကြောင်းဆိုပါတယ်။
ကေအန်ပီပီ အတွင်းရေးမှူး ၁ ခူးဒယ်နီရယ်က “နောက်တခုက တကယ်ငြိမ်းချမ်းချင်တယ်။ ဖယ်ဒရယ်နိုင်ငံ တကယ်ထူထောင်ချင်တယ်ဆိုရင်တော့ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားမှ လုပ်လို့ရမှာဟုတ်ဘူး။ ဗမာပြည်တခုလုံး လက်နက်ကိုင်ထားတဲ့လူတွေ၊ အဖွဲ့အစည်းတွေ နောက် နိုင်ငံရေးနဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင်နိုင်မှ သာလျှင် ပြဿနာက ဖြေရှင်းနိုင်မယ်၊ ပြဿနာက ပြီးဆုံးနိုင်မယ်ပေါ့။ အားလုံးပါဝင်နိုင်တဲ့ အချိန်ကျရင်တော့ ကျနော်တို့လည်း ပါဝင်မယ်”လို့ ပြောပါတယ်။
လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ တိုင်းပြည် လူထုရဲ့မျက်နှာကို မျက်မှောက်ပြုပြီး ပါဝင်သင့်ပါဝင်ထိုက်တဲ့ အင်အားစုတွေ ပါဝင်ဖို့ လိုအပ်သလို ထိုးစစ်ဆင်မှုတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ရပ်တန့်ဖို့နဲ့ စစ်အင်အား ဖြည့်တင်းနေတာ ချက်ချင်း ရုပ်သိမ်းဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်ဘေးရှာင်ပြည်သူတွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါဝင် နိုင်ငံတကာ လူမှုအကူအညီ ပံ့ပိုးမှုတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို တရားဝင်လွပ်လပ်စွာ ပံပိုးကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုဖို့ ၊ မတရား ညှဉ်းပန်းသတ်ဖြတ်ခြင်းကြောင့် အသက်ဆံးရှုံးရတဲ့ လူထုတွေအတွက် စစ်ကောင်စီအနေနဲ့ ကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဥပဒေကြောင်းအရ အရေးယူဖို့လည်း ကေအန်ပီပီက တောင်းဆိုထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၂ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကိုယ်တိုင်တွေ့ဆုံလိုကြောင်း ဖိတ်ခေါ်ခဲ့သလို မေ ၂ ရက်မှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကနေ ပေးပို့လာတဲ့ ထပ်ဆင့် အသိပေးဖိတ်ခေါ်စာရရှိကြောင်း KNPP က ထုတ်ပြန်ထားပါတယ်။