ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ မေ ၂ ရက် ညပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးရဲ့ နေအိမ်မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကို ငှက်မုဆိုး မအူပင်သွေးသောက်အဖွဲ့က ည ၁၀ နာရီလောက်မှာ ဓာတ်ဆီတွေနဲ့ ဖြန်းပြီး ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က အိမ်ကို ဓာတ်ဆီတွေနဲ့ အရင်ဖြန်းနေတာ။ လူတွေတော့ မီးရှို့ပေမဲ့ အများကြီး မလောင်သွားဘူး။ စာချိတ်ခဲ့တယ်။ နောက်ဆုံးအကြိမ် သတိပေးတာဆိုပြီးတော့ ရှို့တာတော့ တအိမ်လုံးကုန်အောင်ရှို့သွားတာ”လို့ မအူပင်မြို့ခံက ပြောပါတယ်။
အိမ်ကို မီးရှို့ပြီး ချိတ်ဆွဲထားတဲ့ စာထဲမှာ အေးချမ်းတဲ့ငါတို့မြို့ကိုနှောင့်ယှက်ရင် သွေးစွန်းရင် မင်းတို့အားလုံး မျိုးပြုတ်မယ်ဆိုပြီး ခြိမ်းခြောက်သတိပေးထားတယ်လို့ ဆိုပါတယ်။
ခုလိုမျိုး အန်အယ်လ်ဒီအမတ်ရဲ့ နေအိမ်ကို မီးဝင်ရှို့တာဟာ သွေးသောက်အဖွဲ့ပုံစံမျိုး မအူပင်မြို့မှာ တပ်ထောက်ခံသူတွေနဲ့ မဘသတွေစု ဖွဲ့ထားပြီး ငှက်မုဆိုးအဖွဲ့ဖွဲ့ကာ လိုက်လံလုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးမှာလည်း အန်အယ်လ်ဒီပါတီဝင်တွေ၊ ထောက်ခံသူတွေကို သွေးသောက်အဖွဲ့က လိုက်လံသတ်ဖြတ်နေပြီး အခုလို အကြမ်းဖက် လူသတ်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ ဖမ်းဆီးအရေးယူတာ မရှိပါဘူး။