စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားကျေးရွာအုပ်စုကို စစ်ကောင်စီတပ်သားတွေက မေ ၁ ရက်ကစပြီး ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပါတယ်။
တိုက်ပွဲတွေတွေကြာင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မေ ၂ ရက်က လက်နက်ကြီး ထိမှန်လို့ ရှားဖိုကျေးရွာက ချင်းတိုင်းရင်းသား ဦးမြင့်အောင်တို့ မိသားစု ၄ ယောက် ကျေးရွာအနောက်ဘက်မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက "သူတို့ မိသားစုတွေက ရွာအနောက်ဘက်မှာ တိုက်နေကြလို့ မင်းလှတောတိုက် ဘက်ကို ပြေးလာကြတာ။ ပြေးနေတုန်းလမ်းမှာ လက်နက်ကြီးမှန်လို့ သေဆုံးသွားကြတာ အခုထိ အလောင်းတွေ မကောက်ရသေးဘူး။ တိုက်ပွဲဖြစ်ရာ နေရာနဲ့နီးတယ်”လို့ ပြောပါတယ်။
မေ ၃ ရက် မနက်ပိုင်းမှာလည်း ရှားဖိုကျေးရွာက ဒေါ်ဂျမ်းစိန်လို့အမည်ရတဲ့ အမျိုးသမီး တယောက်လည်း တိမ်းရှောင်နေရင်း စစ်ကောင်စီတပ်သားတွေနဲ့တွေ့လို့ အဖမ်းခံလိုက်ရပါတယ်။
မေလ ၂ ရက်ကလည်း စစ်ကောင်စီတပ်သားတွေဟာ ရှားဖိုရွာအနောက်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်လို့ ကျေးရွာတွင်းက ဒေသခံနေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါသေးတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေရဲ့ ထိုးစစ်ဆင်မှုကြောင့် တင်သားကျေးရွာအုပ်စုက ဒေသခံ တသောင်းကျော်ဟာ ဘေးလွတ်ရာတောတောင်ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင် နေကြရပြီး နေထိုင်စားသောက်ရေးအခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။