မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာမြောက်ပိုင်း မန္တလေး - မိုးကုတ်လမ်းမဘေးမှာ ဖွင့်လှစ်ထားတဲ့ ထန်ရည်ဆိုင်ပိုင်ရှင် အမျိုးသားတယောက် ဧပြီလ ၂၉ ရက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရသူဟာ အသက် ၆၀ ကျော်အရွယ် ထန်းရည်ဆိုင်ပိုင်ရှင် ဦးကျော်သိန်း ဖြစ်ပြီး ရင်ဘက် ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်နဲ့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ထန်းရည်ဆိုင်ပိုင်ရှင် ဦးကျော်သိန်း ပစ်သတ်ခံရတာနဲ့ပတ်သက်လို့ လက်စားချေတုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ သွေးသောက်အဖွဲ့ (စဉ့်ကူး) ကထုတ်ပြန်ထားပြီး ခူလည်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းကိုလည်း ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ခူလည်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဆွေလင်းကို PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်သတ်သွားတာဖြစ်တယ်လို့ သွေးသောက်အဖွဲ့ (စဉ့်ကူး) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သွေးသောက်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးနဲ့ ရန်ကုန်မှာ အရပ်သား တချို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီအဖွဲ့ကို သူတို့ဖွဲ့ပေးထားတာ မဟုတ်မဟုတ်ဘူးလို့ငြင်းဆိုထားသလို အခုလို သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူတာတွေလည်း မရှိပါဘူး။