ဖောင်းခနဲ မြည်သံနဲ့အတူ လေထဲမှာ လွင့်မြောက်ပြီး ထွက်သွားတဲ့ ဂေါက်သီးကို ဝိုင်းကြည့်ပြီး Good လို့ ကစားဖော်တွေက ကောင်းချီးပေးလိုက်ကြပါတယ်။
ဒါကတော့ သရက်မြို့ရဲ့ ဂေါက်သီးရိုက်ဝါသနာရှင် မြို့ခံ ဂေါ့ဖာက ကျင်းအမှတ် ၁ ကနေ အဝေးရိုက်တုတ်တံ Driver နဲ့ ရိုက်ထုတ်လိုက်တာကို ကစားဖော်တွေဖြစ်တဲ့ ဦးဝင်းစိုး၊ ဦးမြတ်ထွန်း၊ ဦးမြဇော်တို့ရဲ့ ပြိုင်တူထွက်သွားတဲ့အသံတွေ ဖြစ်ပါတယ်။
စိမ်းလန်းတဲ့ မျက်ခင်းပြင်က မျက်စိတဆုံး၊ ကွင်းလယ်ခေါင်က အလံတိုင် စိုက်ထူထားတဲ့ ကုန်းမို့မို့လေးတွေက ချစ်စရာ၊ ထိုကြည်နူးစရာ မြင်ကွင်းလေးကတော့ မကွေးတိုင်း သရက်မြို့က ကိုလိုနီရနံ့သင်းတဲ့ အဆောက်အဦများစွာထဲက သရက်ဂေါက်ကွင်းပဲ ဖြစ်ပါတယ်။ စိမ်းလန်းတဲ့ မြင်ကွင်းကို အရုပ်ဆိုး အကျည်းတန်စေတာက ဂေါက်ကွင်းဘေးနံကပ်က စစ်တပ် အဆောက်အဦတွေနဲ့ ခြံစည်းရိုးတွေ၊ ကွင်းနယ်နိမိတ်ထဲအထိ ရောက်လာတဲ့ အဆောက်အဦ တချို့တို့ကြောင့် ဂေါ့က်ဖာတို့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဆိုကြပါတယ်။
နဝတ နအဖခေတ်ထဲက အပိုင်စီးဖို့ ချောင်းနေတဲ့ စစ်တပ်လက်ထဲက ပြည်သူတင်တဲ့ အစိုးရလက်ထက်မှာ ပြန်ရယူဖို့ ကြိုးစားခဲ့တဲ့ သရက်ဂေါက်ကွင်းဟာ အခုတော့ မင်းအောင်လှိုင်ရဲ့ မျက်စိကျ သိမ်းယူချင်စရာ ဖြစ်နေတယ်လို့ စကစနဲ့နီးစပ်တဲ့ အသိုင်းအဝန်းက ပြောဆိုကြပါတယ်။
မြန်မာ့ဂေါက်သီးအစ သရက်ကလို့ ဆိုစမှတ်ပြုထားပြီး မြန်မာပြည်တင်မက အရှေ့တောင်အာရှနိုင်ငံများထဲမှာပါ ရှေးကျတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ မြန်မာနိုင်ငံကို ၁၈၅၂ မှာ ဒုတိယအကြိမ် အင်္ဂလိပ်တို့ ကျူးကျော်အပြီး ဗြိတိသျှလက်အောက် ရောက်သွားတဲ့ သရက်မြို့မှာ အင်္ဂလိပ်ရဲ့ အခြေစိုက်တပ် ၁၀ တပ်ခန့်ကို ဗိုလ်မှူးချုပ်ဖို့ဒ်က အုပ်ချုပ်ပါတယ်။ သူ့ရဲ့စစ်သားတွေ ကျန်းမာကြံ့ခိုင်ဖို့ တင်းနစ်ကွင်း၊ ကြက်တောင်ကွင်းတို့ ဖောက်လုပ်စေရာမှာ ဂေါက်ကွင်းကိုလည်း ထည့်သွင်း ဖောက်လုပ်စေခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ တာဝန်ယူဖောက်လုပ်သူက အင်္ဂလိပ်စစ်အင်ဂျင်နီယာ တပ်ရင်းမှူး ဗိုလ်ကြီးရစ်ချတ်ဆာဝဲလ်နဲ့ ဘင်္ဂလား အမှတ် ၁ ခြေလျင်တပ်ရင်းမှူး ဗိုလ်မှူးကြီးဆင်ဖိုလ်တို့က ဖောက်လုပ်ခဲ့ကာ မြန်မာတနိုင်ငံလုံး သူ့ကျွန်ဖြစ်ပြီးတဲ့ တနှစ်ကျော် ၁၈၈၇ မှာ ပြီးစီးခဲ့တယ်လို့ သရက်ဂေါက်ကွင်းသမိုင်းက ဆိုပါတယ်။
အင်္ဂလန်နဲ့ ညီအစ်မတော်
အဲဒီလို ဖောက်လုပ်ရာမှာ ဗြိတိန်နိုင်ငံ စကော့တလန် စိန့်အင်ဒူးကျေးရွာအနီးမှာ ဂေါက်ကွင်းပေါင်း များစွာ ရှိတဲ့အထဲက စိန်အင်ဒူးကျေးရွာအမည်ကို ယူပြီး စိန့်အင်ဒူးဂေါက်ကွင်းအဖြစ် အမည်ပေးခဲ့ပါတယ်။ ဒီကျေးရွာမှာရှိတဲ့ ဂေါက်ကွင်းအမည်က စိန့်အင်ဒူးလင့်လို့ ခေါ်တဲ့ကွင်းနဲ့ layout plan တူညီလို့ ကွင်းညီအမအဖြစ် မြန်မာပြည်မှာ ထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။
ဂုဏ်ယူ
အင်္ဂလန် စိန့်အင်ဒူးလင့်နဲ့ ကွင်းညီအစ်မမို့ ကမ္ဘာလှည့်ခရီးသည်များ ဂုဏ်ယူစွာ မင်ဘာ ဝင်ကြတယ်လို့ သိရပါတယ်။
“တချို့က သရက်မှာ မင်ဘာဝင်ထားရင် အင်္ဂလန်ကကွင်းကို ဖရီးကစားရတယ် ထင်တာ၊ မဟုတ်ပါဘူး၊ ကွင်းညီအစ်မအဖြစ် စောင့်ရှောက်ခြင်းသာ ဖြစ်ပါတယ်” လို့ မြို့ခံ ဂေါက်သီးကစားသမား ဦးဌေးအောင်က ပြောပါတယ်။
ဂေါက်ကွင်းဖွဲ့စည်းပုံ
ပရော်ဖက်ရှင်နယ် ကစားသမားတွေ ကစားနိုင်တဲ့ စံမီကွင်းဖြစ်ပြီး ၆၃ ဒသမ ၁၄ ဧက အကျယ်မှာ par 3 ၂ ကျင်း၊ Par 4 ၅ ကျင်း၊ Par 5 ၂ ကျင်း၊ စုစုပေါင်းရိုက်ချက် Par72 နဲ့ ၉ ကျင်းဖြစ်ကာ one green-two tee အပြန်အလှန် ကစားလာခဲ့ရင် ၁၈ ကျင်း ကစားနိုင်တဲ့ကွင်း ဖြစ်ပါတယ်။ လှည့်စားမှုအဖြစ် လေစုန်လေဆန်နဲ့ နေစုန်နေဆန် ရိုက်ချက်ရှိခြင်း၊ ကုန်းနိမ့် ကုန်းအမြင့်တို့ ရှိနေခြင်း၊ ဖဲဝေးအမျိုးမျိုး ကစားရသလို တဆစ်ချိုး အကွေ့အကောက်တွေကို ရှော့အမျိုးမျိုး ကစားရင်း မြင့်မားတဲ့ သစ်ပင်ကြီးတွေကြောင့် အနိမ့်အမြင့် စိတ်ကြိုက်ချယ်လှယ် ကစားနိုင်တဲ့ကွင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထူးခြားတဲ့ ဝိသေသက green ဧရိယာသေးငယ်ပြီး လိပ်ခုံးပုံသဏ္ဌာန် တည်တဲ့အတွက် ဂရင်းတိုင်း ကစားသမားတွေကို one chip. one put ရဖို့ အမြဲစိန်ခေါ်နေတာတွေနဲ့ ဘန်ကာခေါ်တဲ့ သဲကျင်းတွေထားရှိလို့ ကောင်းမွန်တဲ့ကွင်းအဖြစ် လူသိများပါတယ်။
အခွင့်ထူးခံကြပြီ
ဂေါက်ကွင်းပြီးမြောက်ချိန်မှာတော့ အခွင့်ထူးခံ အင်္ဂလိပ်အရေးပိုင်မင်း အဆက်ဆက်တို့သာ ကစားနိုင်တဲ့ ဒီကွင်းမှာ မြန်မာတို့ ကစားခွင့်မရခဲ့ဘဲ လွတ်လပ်ရေးရပြီး ၁၉၅၆ ရောက်မှသာ မြန်မာလူမျိုး ခရိုင်သစ်တောအရာရှိ ဦးအောင်ကြီးက သရက်ဂေါက်ကွင်းရဲ့ ကပ္ပိတန်တာဝန် ယူချိန်ကြမှ မြန်မာနိုင်ငံသားတွေ ကစားခွင့်ရကြတယ်လို့ ဆိုပါတယ်။ ဂေါက်သီးကစားသမား နည်းပါးနေတဲ့အချိန်မှာ ဂရုစိုက်သူမရှိဘဲ နွားစားကျက်လို ဖြစ်နေတဲ့အချိန်မှာ ဂေါက်ကွင်းရဲ့ဘဝ တချိုးတဆစ်ပြောင်းဖို့ ဖန်လာပါတယ်။
မလိမ့်တပတ် သိမ်းပြီ
၁၉၇၃ ခုနှစ်မှာ အောင်လံကနေ ပြောင်းရွှေ့လာတဲ့ ခြေလျင်တပ်ရင်း အမှတ် ၄၄ တပ်က ဘော်စတယ်ခေါ် ကလေးထောင်အဖြစ် လူသိများတဲ့နေရာမှာ ဝင်ရောက် အခြေစိုက်ပါတယ်။ တပ်ရောက်လာပြီး ၁၉၉၃ မှာ အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်ရဲ့ သရက်ခရီးစဉ်မှာ သရက်ဂေါက်ကွင်းကိုမြင်ပြီး တပ်နဲ့ နီးကပ်စွာရှိနေလို့ စောင့်ရှောက်လိုက်ပါကွာဆိုတဲ့ နှုတ်မိန့်ကြောင့် ကွင်းဟာ တပ်ပိုင်လိုဖြစ်သွားရပြီး တပ်ကဘဏ္ဍာလည်းမရ၊ နိုင်ငံတော်ကဘဏ္ဍာလည်း မရဖြစ်ကာ ကွင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဟန့်အတား ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို မြို့ခံ ဂေါ့ဖာတဦးက ၂၀၂၀ ဒီဇင်ဘာမှာ ပြောပြတာက "အခု ဘဏ္ဍာငွေက တလကို သိန်း ၂၀ လောက် သုံးရတယ်။
ကိုယ်တွေပတ်လည်လှည့် အလှူငွေနဲ့ အသင်းသားတွေရဲ့ လစဉ်ကြေးနဲ့ ရပ်တည်နေရတာ။ တကယ်တမ်းက မလုံလောက်ဘူး။ အဝီစိတွင်း ၃ တွင်းပဲရှိတာ။ ကွင်းစိမ်းလန်းစိုပြေဖို့ ရေအရင်းအမြစ် အရေးကြီးတယ်။ အခုက တပ်ပိုင်လည်း လုံးလုံးမဟုတ်သေးသလို အားကာလည်းမဟုတ်၊ စည်ပင်လည်းမဟုတ် တခုခုက သေချာပိုင်မှ နိုင်ငံဘတ်ဂျက်ရမှာ။ ကိုလိုနီခေတ်လက်ကျန် နှစ် ၁၃၀ ကျော်ပြီ။ ဂရုတစိုက်ကို ထိန်းသိမ်းသင့်တယ်” လို့ ပြောပါတယ်။
သရက်မြို့ခံလူထု အမြင်ကတော့ သရက်မြို့မှာ တပ်စတင်အခြေစိုက်တဲ့ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဂေါက်ကွင်းက ၈၆ နှစ်လောက် ပိုစောလို့ တပ်အနေနဲ့ မပိုင်ဆိုင်သင့်ဘဲ နိုင်ငံတော်ပိုင် ဖြစ်သင့်တယ်လို့ ပြောဆို ဆွေးနွေးနေကြပါတယ်။
လတ်တလောအခြေအနေအရ တပ်ရဲ့ လုံခြုံရေးအတွက် ဂေါက်ကွင်းအဝင်ပေါက်ကို ၂၀၁၉ က ခြံစည်းရိုးခတ်ခဲ့တာကို ညှိနှိုင်းလို့ အဆင်ပြေပေမဲ့ နိုင်ငံခြားသားဧည့်သည် ခရီးသွားတွေအတွက်တော့ အဟန့်အတား ဖြစ်စေတယ်လို့ သိရပါတယ်။
ကွင်းအတွင်း အပြောင်းအလဲကတော့ အရင်လက်ထက်က ဂေါက်သီးအားကစားရဲ့ ဥပဒေကို နားလည်မှု အားနည်းတဲ့ ဒေသဆိုင်ရာ အာဏာပိုင်များလက်ထက်မှာ long par 4 ကျင်းတွေကို ၎င်းတို့ par မရနိုင်လို့ tee ခုံကို ရှေ့ရွှေ့ခြင်းကလည်း စိန့်အင်ဒူးရဲ့ အရသာကို ပျက်စေသလို အခုရိုက်နေရတဲ့ နံပတ် ၉ ကျင်းဟာ tee ခုံ မူလနေရာမဟုတ်ဘဲ ရှေ့ထွက်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ရှေးအကျဆုံး ဂေါက်ကွင်း ဖြစ်ပေမဲ့ မြို့ခံဂေါက်သမားကလွဲလို့ ပြုပြင် ဂရုစိုက်သူ မရှိလို့ စိန့်အင်ဒူး ဆိုပေမဲ့ မျက်နှာငယ်နေရတယ်လို့ ပြောကြပါတယ်။
အရင်က တပ်ပိုင်ကွင်း ဖြစ်ခဲ့ရပေမဲ့ မြေစာရင်း ဂရန်အမည် မပေါက်သေးဘဲ အခု စကစလက်ထက်မှာ ဂရန်မလိုဘဲ စိတ်ကြိုက်ယူနိုင်လို့ အရင်ထက်တောင် ပိုဆိုးပြီး ရောင်းစားမှာကိုတောင် ကြောက်နေရတယ်လို့ ဆိုပါတယ်။
"နိုင်ငံတော်ပိုင် ဂေါက်ကွင်းကြီးတခုပါ။ တပ်ကလည်း ကွင်းကို ခြံစည်းရိုး ခတ်ထားတယ် ဆိုပေမဲ့ ပြည်သူလူထုရဲ့ အစိုးရကို အာဏာသိမ်းထားတာဖြစ်တယ်။ တချိန်ချိန်မှာ လုံခြုံရေးအတွက် စိတ်ချရတယ်ဆိုရင် ပြန်လည်ပေးအပ်သွားမှာလို့ ရင်ထဲ အသည်းနှလုံးထဲက ခံစားရပါတယ်။ အရင်ကတောင် တွေ့ဆုံညှိနှိုင်းတဲ့အခါ အခက်အခဲလေးတွေ ရှိနေပါတယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေအတွက် ဒီဂေါက်ကွင်းကြီးက ဖိတ်ခေါ်နေတဲ့ ဂေါက်ကွင်းဖြစ်တယ်။ တော်လှန်ရေးပြီးချိန်ကို စောင့်ရမယ်လို့ မြင်ပါတယ်” လို့ သရက်မြို့ရဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၅၀ အရွယ် လူလတ်ပိုင်း အမျိုးသားတဦးက ပြောဆိုပါတယ်။
မျက်နှာငယ်စရာ
ရှေးအကျဆုံးဂေါက်ကွင်း ဖြစ်ပေမဲ့ ပရော်ဖက်ရှယ်နယ် ဂေါက်သီးရိုက် ကစားသမားအဖြစ် ရပ်တည်နိုင်တဲ့ ကိုကျော်သီဟ တဦးသာ မြို့ခံအနေနဲ့ ထွက်ပေါ်ခဲ့တာက ဝမ်းနည်းစရာပါ။ ကွင်းပိုင်ရှိနေတာမို့ ဒီထက်မက နိုင်ငံဂုဏ်ဆောင် ဂေါက်သီးကစားသမားတွေ ထွက်သင့်တာပါလို့ မြို့ခံ ဂေါ့ဖာတွေက မှတ်ချက်ပြုပါတယ်။
“တကယ်က ဒီကွင်းကို စည်ပင်လွှဲမလား၊ အားကာလွှဲမလား၊ ဌာနကြီးတခုခုထဲကို ထည့်မလား၊ တခုခုဖြစ်သင့်နေပါတယ်။ ဒါမှ ဘတ်ဂျက်ချထားမှ ကွင်းတိုးတက်မှု ရေရှည်တည်တံ့ဖို့ ဖြစ်နိုင်မယ်။ တပ်ကသိမ်းမယ်ဆိုလည်း တပ်က ဘတ်ဂျက်ချထားပေးမယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့ သူ့ဟာနဲ့သူတောင် ဒစ်လည်နေတာဗျ။ နိုင်ငံတော်အဆင့် ထိန်းသိမ်းစောင့်ရှောက်စေချင်တယ်” လို့ မြို့ခံ လူငယ်တဦးက ပြောပါတယ်။
၂၀၂၀ ဒီဇင်ဘာလထဲမှာ ရွေးချယ်ခဲ့တဲ့ မင်ဘာ အသင်းဝင် စာရင်းလည်း အရာမဝင်တော့သလို သရက်မြို့မှာရှိတဲ့ ခလရ ၄၄၊ ကပစ ၁၂ တို့က မောင်ပိုင်စီးထားပါတယ်။ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ရန်ပုံငွေအနည်းအကျဉ်းနဲ့ ဝါသနာကြီးသူတွေ တန်ဖိုးနားလည်တဲ့သူတွေကြောင့် ပြန်လည် နာလန်ထလာတဲ့ ဂေါက်ကွင်းဟာ စကစလက်ထက်မှာတော့ စုတ်ပြတ်နေပြီလို့ မြို့ခံတွေက ပြောကြသလို ရှေးဟောင်းတန်ဖိုး နားမလည်သူတွေကြောင့် နှမြောတသစရာ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
သရက်ဂေါက်ကွင်းမှာ မင်ဘာမဝင်ဘဲ ထင်တိုင်းကျဲ ဂေါက်ရိုက်သူတွေက စစ်တပ်နဲ့ စစ်တပ်ဧည့်သည်တွေပဲရှိပြီး ကွင်းကို တန်ဖိုးမထားဆုံးကလည်း သူတို့ပဲလို့ ပြောဆိုကြပါတယ်။ သရက်ဂေါက်ကွင်းမှာ မြန်မာနိုင်ငံ အနှံ့အပြားက မင်ဘာဝင် အသင်းသား ၆၉၀ ကျော်ရှိပြီး စကော့တလန်က အမျိုးသမီး ၂ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဂေါက်ကွင်းသမိုင်း ဖြစ်ပေါ်ပုံကို ဒီဗွီဘီသတင်းဌာနက ဖော်ပြဖူးပါတယ်။ အခြေခံလူတန်းစားတွေ အနားမကပ်နိုင်တဲ့ ဂေါက်ရိုက်ကစားနည်းကို လူတွေ စိတ်မဝင်စားကြပေမဲ့ ကိုလိုနီခေတ်ကျန် ရှေးဟောင်းအမွေအနှစ်ကွင်းကိုတော့ မဖျက်ဆီးသင့်ဘူးလို့ သုံးသပ်ကြပါတယ်။ ဂေါက်ရိုက်ကစားနည်းကနေ စိတ်ရှည်သည်းခံ ချီးမွမ်းတဲ့ အကျင့်ကောင်းတွေလည်း ရနိုင်တယ်လို့ ဂေါက်သီရိုက် အားကစားသမားတွေက ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အများပြည်သူ လေ့ကျင့်လိုက်စားလို့ရအောင်လည်း စွဲဆောင်သင့်သလို ပစ္စည်းကိရိယာတွေလည်း ငှားရမ်းပေးဖို့ ရန်ပုံငွေအရ ဝယ်ယူထားသင့်တယ်လို့ ရှုမြင်ကြပါတယ်။
သရက်မြို့မှာ ကိုလိုနီခေတ်က အခြေခံအဆောက်အဦတွေ ဖြစ်တဲ့ ယခု အထက ၁ ကျောင်း၊ စာတိုက်၊ ပထမကမ္ဘာစစ်က သုံ့ပန်းအဖြစ် ကျဆုံးခဲ့တဲ့ တူရကီစစ်သင်္ချိုင်း၊ နယ်ခြားစည်းခြားမှတ်တိုင်တွေနဲ့ လေ့လာစရာတွေ များပြားလှပြီး ရာသီဥတု အရလည်း သာယာပြီး ဧရာဝတီမြစ်ဘေးက သရက်မြို့မှာ ရှိတာပါ။
ဒါကြောင့်လည်း အရင်က ကမ္ဘာလှည့်ခရီးသည်တွေ မှတ်မှတ်ထင်ထင် လာလည်ကြပေမဲ့ အခုတော့ ကိုဗစ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် လာလည်သူမရှိသလို သမိုင်းအမွေအနှစ်ဖြစ်တဲ့ နှစ်ပေါင်းရာကျော်က အရှေ့တောင်အာရှရဲ့ ပထမဦးဆုံး မြန်မာပြည်က ဂေါက်ကွင်းဟာ အမွေအနှစ်ကို တန်ဖိုးမထားတဲ့ ပညာမဲ့တွေလက်ထဲ ပျက်စီးဆုံးရှုံးရတော့မယ့် အခြေအနေ ရောက်နေပြီလို့ မြို့ခံတွေက နှမြောတသ နေကြပါတယ်။
ဒေးဗစ်ထန်း