ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့ စံပြ ၆ မိုင်အုပ်စု ဇီးဖြူကုန်းရပ်ကွက်မှာ ဧပြီ ၂၇ ရက်က နယ်မြေရှင်းလင်းရာမှာ သောက်ရေတွင်းထဲကနေ အမည်မသိရုပ်အလောင်း ၂ ခု တွေ့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF-B09 က ထုတ်ပြန်ပါတယ်။
KNDF B-09 ရဲဘော်တွေ ဇီးဖြူကုန်းရပ်ကွက်အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်ပြီး ရွာသားတွေကို စစ်ဆေးတာနဲ့ အိမ်တွင်းသန့်ရှင်းရေး ပြုလုပ်ချိန် သောက်ရေတွင်းထဲမှာ အမျိုးသားရုပ်အလောင်း ၂ ခု တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီရုပ်အလောင်းတွေကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF-B09 မှ တာဝန်ရှိသူတဦးက "ဖမ်းဆီးသတ်ဖြတ်ပြီး ရေတွင်းထဲ ပစ်ချခဲ့တာ ဖြစ်နိုင်ပါတယ်။ ရုပ်အလောင်းတွေက ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်တော့ဘူး။ သူတို့အဝတ်အစားတွေ ကြည့်ရတာ တယောက်က ရဲဘော် ထင်တယ်။ တယောက်ကတော့ ရွာသားပဲ ဖြစ်မယ်။ သူတို့အဝတ်အစားတွေ မှတ်မိရင် မိသားစုဝင်တွေ သိနိုင်မယ် ထင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
ကရင်နီ (ကယား) ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ပြင်းထန်တဲ့ ထိတွေ့မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ စစ်ကောင်စီဘက်က တပ်ဆုတ်သွားချိန် နယ်မြေရှင်းလင်းရေး ပြုလုပ်ချိန်မှာ အဲဒီလိုအဖြစ်အပျက်တွေ အကြိမ်ကြိမ် တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။