မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု အားလုံးအတွက် ပြင်ဆင်ချက် လျှောက်ထားမှုအား နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။
အဲဒီအမှုတွေမှာ အကြောင်းအရာတူ ဖြစ်စဉ်တွေကို ပုဒ်မတွေ ထပ်တိုးထားတာကြောင့် အမှု ၉ မှုကို အမှု ၄ မှုအဖြစ် ပေါင်းစည်းပေးဖို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို ပြင်ဆင်ချက် လျှောက်ထားခဲ့တာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ပြင်ဆင်ချက် လျှောက်ထားမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ဧပြီ ၂၆ ရက်မှာ ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၉ မှုလုံးကို မွန်ပြည်နယ် တရားလွှတ်တော်မှာ ပြန်လည် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် အပြစ်မရှိကြောင်း ရုံးတော်မှာ ထွက်ဆိုထားပါတယ်။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု၊ အဂတိမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတာပါ။
ဝန်ကြီးချုပ်ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်မှာ နိုင်ငံ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားပါတယ်။