ရက္ခိုင့်တပ်တော်(အေအေ) ဆီမှာ စစ်ပညာသွားရောက်သင်ယူခဲ့တယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF- မင်းတပ်က ဧပြီ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် စစ်ပညာအားနည်းနေလို့ CDF-မင်းတပ်က ရဲဘော် အယောက် ၃၀ ကို ရက္ခိုင်တပ်တော် (အေအေ) ဆီမှာ စစ်ပညာသွားရောက်သင်ယူစေခဲ့တာလို့ ဆိုပါတယ်။
စစ်ပညာသင်ယူဖို့ စေလွှတ်ခဲ့တဲ့ CDF-မင်းတပ်က ရဲဘော် အယောက် ၃၀ အနက် နောက်ဆုံးအသုတ် ပြန်လာတဲ့ ရဲဘော်တွေကို ရက္ခိုင့်တပ်တော် AAက လက်နက်ခဲယမ်း အပြည့် အစုံ တပ်ဆင်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။
CDF-မင်းတပ်အနေနဲ့ အရင်ကာလတွေမှာလည်း စစ်ပညာသင်ယူနိုင်ဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး နေရာပေါင်းစုံကို သွားရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားလက်ရုံးတပ်တော်ကိုလည်း ရက္ခိုင့်တပ်တော်ရဲ့ အကူအညီနဲ့ ဖွဲ့စည်းခဲ့တာလို့ အေအေရဲ့ ၁၃ နှစ်မြောက် မွေးနေ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အတွက် AA၊ MNDAA၊ TNLA မဟာမိတ် ၃ ဖွဲ့က တတ်နိုင်သလောက်ကူညီထောက်ပံ့သွားမယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ တစ်နှစ်ပြည့်နေ့ပေးပို့တဲ့ ဂုဏ်ပြုလွှာမှာ ဖော်ပြထားပါတယ်။