“တွေ့ပြီ”
“တွေ့ပြီ”
“တွေ့ပြီ “
ဆိုသောအသံနှင့်အတူ အားကောင်းလှသည့် ဓာတ်မီးရောင်အောက်မှာ မျက်လုံးကြောင်တောင်နှင့် မဲတူး ပေကျံနေသော လူတစုကို တွေ့လိုက်ရသည်။ သူတို့သည် နီကြောင်ကြောင်ဆံပင်များ ဂျပ်ထူကဲ့သို့ အချပ်လိုက်။ အရောင်မပေါ် စုတ်ပြဲနေသည့် အဝတ်တွေက ပိုသီပတ်သီ။ သူတို့အားလုံး စုစုပေါင်း ၆ ယောက်ဖြစ်သည်။
ရဲအရာရှိနဲ့ ရဲတပ်သားများက ချက်ချင်းပင် သူတို့လူစုကို ဝိုင်းလိုက်သည်။ “အုပ်ချုပ်ရေးမှူးအိမ် ခေါ်ခဲ့၊ မင်းတို့ ဒီလူ အကုန်လား”ဟု အရာရှိဖြစ်သူက မေးမြန်းပြောဆို အမိန့်ပေးလိုက်သည်။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ရူချောင်းတံတားအနီး သစ်ပင်ရိပ်နှင့် ညအမှောင်ကို ကွယ်ကာ လာခေါ်မည်ဆိုသည့် ကားကို စောင့်ဆိုင်းနေစဉ် အခုလို ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာ (ဘင်္ဂါလီ)လူငယ်အချို့ဖြစ်သည်။
အဆိုပါလူငယ်များသည် ရခိုင်ရိုးမကို တလကြာခန့် ခရီးရှည် ခြေလျင်ဖြတ်ကျော် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။
သရက်ခရိုင်ထဲတွင် ပါဝင်သည့် ပုသိမ်-မုံရွာ ကားလမ်းတလျှောက်ရှိ မင်းလှ၊ မင်းတုန်း၊ ကံမ မြို့နယ်များတွင် ယခုလို ရိုးမကို ဖြတ်ကျော်လာသူ ရိုဟင်ဂျာများကို မကြာခဏ တွေ့ရှိနေရသဖြင့် ဒေသခံများအတွက် အထူးအဆန်း မဟုတ်ပေ။
ထမင်းကျွေး၊ အဝတ်အစားပေးနှင့် လူသားချင်းစာနာသည့် အသိဖြင့် မျှဝေခဲ့ရခြင်းများကလည်း ပုသိမ်-မုံရွာ ကားလမ်းမကြီး လမ်းဘေးရွာမှန်သမျှ ကျွေးမွေးပေးကမ်း လှူဒါန်းဖူးသူများသာ ဖြစ်သည်။
အသက်အကြီးဆုံး ၁၈ နှစ်၊ အသက်အငယ်ဆုံး ၁၃ နှစ်စီရှိ ရိုဟင်ဂျာ ၆ ဦးသည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့ကဖြစ်ပြီး မျိုးရိုးအစဉ်အဆက် ခရီးသွားလာမှု ထိန်းချုပ်ခံထားရသူတွေ ဖြစ်ကြကြောင်း သိရသည်။
“မင်းတို့ ပြောတဲ့စကားက အရဗီလား၊ ဘင်္ဂလားဒေ့ရှ်လား”ဟု ရဲတပ်ဖွဲ့ဝင်တဦးက မေးမြန်းလိုက်သည်။
နှာတံချွန် မေးသွယ်ပြီး မျက်စိနှစ်ဖက်စလုံးက လိုင်နာဆိုးထားသလို အညိုရင့်ရောင်ရှိသူ အဖြူအနီစပ်ကြားလို့ ပြောဖို့ခက်တဲ့ စပို့ရှပ်လက်တို ဝတ်ဆင်ထားသူ အသက် ၁၈ နှစ်အရွယ် မာမွတ်စကီး(ခ)မောင်မြင့်နိုင်က- “ကျနော်တို့က ရိုဟင်ဂျာပါ၊ ရိုဟင်ဂျာစကားပဲ သုံးပါတယ်၊ ရိုဟင်ဂျာစာနဲ့စကားက သတ်သတ်ရှိပါတယ်။ ကျနော်က ၈ တန်းပါ” ဟု ပြန်ဖြေလိုက်သည်။
မြန်မာစကားကို ဟုတ်တိပတ်တိ မပြောတတ်ဘဲ ရခိုင်စကားကိုတော့ ကောင်းမွန်စွာ နားလည်ကြသဖြင့် ရခိုင်ပြည်နယ်တွင် မွေးဖွားခဲ့သူများဟု မှန်းဆနိုင်ပါသည်။
လက်ရှိ ပုသိမ်-မုံရွာ ကားလမ်းမကြီးနံဘေးတွင် ဖမ်းဆီးရမိသူများသည် ရခိုင်ပြည်နယ်တွင် မွေးဖွားကြီးပြင်းပြီး ရှာဖွေလုပ်ကိုင်စားသောက်ရင်း ရခိုင်စကားကို နားလည်ပြောဆိုတတ်ခြင်း ဖြစ်သည်။
အထူးသဖြင့် ရိုဟင်ဂျာများကို စစ်ဆေးမေးမြန်းရာမှာ စကားမပေါက်သဖြင့် ရခိုင်တိုင်းရင်းသား ရဲတပ်ဖွဲ့ဝင်တဦး၏ အကူအညီယူကာ မေးမြန်းစစ်ဆေးတာကို သတိပြုမိသည်။
ရဲ၏ စစ်ဆေးချက်များအရ လူကုန်ကူးသူ ပွဲစားများက တဦးလျှင် သိန်း ၅၀ ကနေ ၇၀ အထိ ဈေးနှုန်းသတ်မှတ်ထားပြီး ခရီးစသည်နှင့် ကြိုတင်ငွေ သိန်း ၃၀ သို့မဟုတ် ၂၅ သိန်းခန့် ပေးရသည်ဟု သိရသည်။
ရခိုင်ပြည်နယ်၊ မင်းပြားကနေ ကျောက်တော်နှင့် အမ်းမြို့နယ် နယ်စပ်အထိ စက်လှေတတန်၊ ခြေလျင်တတန် သိုသိပ်စွာ လာခဲ့ရပြီး နေရာအသေအချာမပြောနိုင်သည့် နေရာမှာ တလကြာခန့် ပုန်းအောင်းနေထိုင်စေခဲ့သည်ဟု သိရသည်။ ထိုနေရာအထိ ထမင်းဝဝလင်လင်စားရပြီး ရခိုင်ရိုးမ ဖြတ်စဉ် တလနီးပါးခရီးကို ပုန်းလိုက်၊ သတင်းထောက်လိုက်၊ လျှောက်လိုက် လာခဲ့ရသည်ဟု သိရသည်။
ထိုသူများ လာခဲ့သည့် တလကြာခရီးကိုပင် နွားကုန်သည်များက သက်ဆိုင်ရာကို ငွေပေးသွားလျှင် ၅ ရက်တာနှင့် နွားရော လူရော ရောက်သည့်ခရီးဟု သိရသည်။
ရခိုင်ရိုးမကို ဖြတ်ကျော်ရသည့် ခရီးတွင် ထမင်းနပ်မှန်မစားရသကဲ့သို့ လမ်းပြများ၏ စိတ်မထင်လျှင် မထင်သလို ဆဲဆိုရိုက်နှက်မှုကို ခံကြရသည်ဟု သိရသည်။
ပွဲစားများက ကျန်ငွေရလိုစိတ်ဖြင့် မိသားစုထံကို ဒုက္ခရောက်နေပါပြီဆိုကာ လိမ်ညာဖုန်းဆက် တောင်းခိုင်းမှုများလည်းရှိသည်ဟု သိရသည်။ ငွေကြေးအဆင်မပြေသူ၊ မပို့နိုင်သူများသည် ပွဲစားများ၏ အရိုက်ခံရသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်၊ မင်းပြားက စတင်ထွက်ခွာစဉ်က ရန်ကုန်၊ သို့မဟုတ် စိတ်ချရသည့်နေရာ ရောက်မှ ကျန်ငွေပေးဆောင်မည်ဟု ကတိစကားရှိသော်လည်း ပွဲစားလက်ထဲကနေ လမ်းပြလက်ထဲ ရောက်ပါလျှင် ယင်းကတိမတည်တော့ဟု သိရသည်။
“ကျန်ငွေမပေးရင် ရိုက်တယ်၊ ဆဲတယ်၊ သတ်ပစ်မယ် ပြောတယ်” ဟု အသက် ၁၅ နှစ်အရွယ် မာမွတ်တာဆွက ပြောသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်တို့သည် ဦးနေဝင်းလက်ထက် မဆလခေတ်ကလည်း လွတ်လပ်စွာ ခရီးသွားလာမှုမရခဲ့သော်လည်း တံငါ၊ လယ်စာရင်းငှား အပါအဝင် လုပ်ကိုင်ရှာဖွေ စားသောက်ခွင့်များ ရှိခဲ့သည်။
ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေး အစိုးလက်ထက် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်း နောက်ပိုင်းတွင်လည်း ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ထားပြီး ခရီးသွားလာခွင့်ကို ကန့်သတ်ခံထားခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်သည်။
နဂိုနေရင်းရွာများကနေ ခရီးသွားလာခွင့်ကို ပိုမိုတင်းကျပ်လိုက်သည့်အတွက် ၁၀ နှစ်နီးပါး ကြာမြင့်ချိန်တွင် စားဝတ်နေရေး ခက်ခဲလာပြီး ယခုလို ရခိုင်ရိုးမကို ဖြတ်ကျော်၍ စွန်းစားထွက်ခွာနေကြတာ ဖြစ်နိုင်သည်ဟု ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမတ်ဟောင်းတဦးက သုံးသပ်သည်။
မင်းပြားမြို့နယ်က လာသည့် မာမွတ်စကီး(ခ)မောင်မြင့်နိုင်က “ရခိုင်မြေမှာ ထမင်းမဝသလို ဘာမှလည်း လုပ်စရာမရှိဘူး။ လယ်လည်း မရှိတော့ဘူး။ ငါးဖမ်းရတာလည်း အဆင်မပြေတော့လို့ ထွက်လာတာ ဖြစ်တယ်” လို့ ဆိုသည်။
ပိတ်လှောင်ခံထားရသည့် ရွာတွင် စားဝတ်နေရေး ခက်ခဲသဖြင့် ယခုကဲ့သို့ အသက်အန္တရာယ်၊ အဖမ်းထိ၊ အရိုက်နှက်ခံထိပြီး မွေးရပ်မြေမှ စွန့်ခွာပြီး မလေးရှားကို သွားရန် ထွက်လာခြင်းဖြစ်သည်ဟု သိရသည်။
မာမွတ်စကီးတို့မတိုင်ခင်က ပိတ်လှောင်ထားသည့်ရွာမှ စွန့်စားထွက်ခွာခဲ့ပြီး မလေးရှား ရောက်နေသည့် အစ်ကိုများ၊ ဦးလေးများက လမ်းစရိတ်အကုန်ခံပေး၊ ပို့ပေး၍ ယခုလို ထပ်ထွက်လာခြင်း ဖြစ်သည်ဟု သိရသည်။
ရေတတန် ကုန်းတတန် စားနပ်ရိက္ခာချို့တဲ့စွာဖြင့် လမ်းပြခေါ်ဆောင်ရာ လိုက်ပါလာစဉ်အတွင်း ရခိုင်ရိုးမ၏ တောနက်ထဲတွင် လူကို စုပ်တွယ်တတ်သော ကျွတ်သတ္တဝါများ၏ သွေးစုပ်ခံ ဒဏ်ရာ၊ မှဲ့ ခြင်ယင်ကောင်ကြီးတို့ ကိုက်ခဲခံထားရသည့် ဒဏ်ရာများက ခန္ဓာကိုယ်တွင် ဗရပွဖြစ်နေသည်။
ယခု ဖမ်းမိသည် လူငယ် ၆ ယောက်သည် ရာသီဥတုဒဏ်ကြောင့် မျက်တွင်းဟောက်ပက်၊ နားထင်ရိုးကျလျက် အရိုးပေါ်အရေတင် ပိန်ကပ်နေပါသည်။
သေချာမှုတခုမှာ ထိုလူငယ် ၆ ယောက်အပါအဝင် ရခိုင်ရိုးမကို ဖြတ်ကျော်လာကြသည့် ရိုဟင်ဂျာ များသည် လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထား၊ အသားအရောင်မတူ၊ ဘာသာမတူသူ ခွဲခြားဖိနှိပ်လေ့ရှိသော စစ်တပ်နှင့် အာဏာသိမ်းစစ်ကောင်စီ၏ လ.ဝ.က ဥပဒေပုဒ်မ ၆၂/၆၃ နှင့် တရားစွဲဆို ထောင်ချခြင်းကို ခံရဦးမည် ဖြစ်သည်။
ပုဒ်မ ၆၂/၆၃ အရ ထောင်ဒဏ်အနည်းဆုံး ၂ နှစ် ချမှတ်ခံရပြီး လွတ်ရက်စေ့ပါက ၎င်းတို့ထွက်လာသည့် နေရပ်ပြန်ပို့ခံရသည်ဟု ရဲဝန်ထမ်းတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရနှင့် ယခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆာင်သည့် အာဏာသိမ်း စစ်ကောင်စီကလည်း မြန်မာပြည်၌ ရိုဟင်ဂျာလူမျိုးမရှိဘဲ ဘင်္ဂါလီသာ ရှိသည်ဟု အတိအလင်းပြောဆိုထားပြီး ဖြစ်သည်။
ထို့ကြောင့်လည်း နိုင်ငံသားဖြစ်မှုမှာ အခက်အခဲရှိပြီး ဘင်္ဂါလီအဖြစ် နေထိုင်ပါက နိုင်ငံသားဖြစ်ရန် လွယ်ကူမည်လားဆိုသည်ကို ဥပဒေအရလည်း ရှင်းလင်းမှုမရှိဘဲ အုပ်ချုပ်သူ၏ ဆန္ဒအပေါ်သာလျှင် မှီတည်နေသည်ဟု ဆိုသည်။
“၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရတော့ မြန်မာနိုင်ငံအစိုးရက ရိုဟင်ဂျာမရှိဘူးလို့ အတိအလင်း ငြင်းဆိုထားတယ်။ ခရီးတွေသွားခွင့်မရှိတာ၊ ရှိတာ မသိဘူး။ သူတို့မှာ မြန်မာနိုင်ငံသား အထောက်အထားမပါလို့ အရေးယူတာ။ မြန်မာနိုင်ငံသားတွေကိုတောင် စစ်ဆေးရင် ကုန်းတွင်း ၆ မိုင်၊ ရေလမ်း ၃ မိုင် မှတ်ပုံတင်မပြနိုင်ရင် အရေးယူလို့ရတယ်”ဟု လ.ဝ.က ဝန်ထမ်းတဦးက ပြောဆိုသည်။
ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာများကို ဘင်္ဂါလီဟု သတ်မှတ်ကာ တဘက်နိုင်ငံက ခိုးဝင်တွေပဲ ဖြစ်သည်ဟု အစိုးရအဆက်ဆက် လက်မခံ ငြင်းဆန်နေခဲ့သည်။
မာမွတ်စကီး(ခ)မြင့်နိုင်ကတော့ သူတို့တွေသည် ဘိုးဘွားဘီဘင် ရခိုင်ဒေသမှာ အစဉ်အဆက် နေထိုင်ခဲ့ကြသည့် ရိုဟင်ဂျာဘသာစကားပြော ရိုဟင်ဂျာများသာဖြစ်ပြီး မလေးရှားနိုင်ငံအထိ သွားရန် ရည်ရွယ်ထွက်ခွာလာသည်ဟု ဆိုသည်။
ခေတ်အဆက်ဆက် အနှိမ်ခံ၊ အဖိနှိပ်ခံ၊ ခွဲခြားဆက်ဆံရသည့် ရိုဟင်ဂျာများသည် တတိယအကြိမ် စစ်အာဏာသိမ်းပြီးချိန်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များကလည်း ဘတ်ဂျက် မရှိသဖြင့် ရိုဟင်ဂျာများကို ဖမ်းဆီးရန် လက်တွန့်နေတတ်ပြီး လူမသိသူမသိ တွေ့ရှိပါက တာဝန်ယူ မဖြေရှင်းချင်သဖြင့် ရိုက်နှက်ခြိမ်းခြောက်ကာ နီးစပ်ရာမြို့နယ်ထဲသို့ မောင်းထုတ်ခြင်းကို ခံနေကြရပြန်သည်။
“အလုပ်လည်း ရှုပ်တယ်၊ ပိုက်ဆံကုန်တယ်၊ ကျွေးစရိတ် ဆေးစစ်စရိတ်၊ လမ်းစရိတ် ပြန်မရဘူး။ အထက်ကပေးလည်း ခရိုင်လောက်က သုံးလိုက်တာ။ ကလေးတွေပါရင် ပိုဆိုးတယ်။ မန္တလေး လူငယ်ထိန်းသိမ်းရေးအထိ ပို့ရတာ”ဟု ရဲအရာရှိတယောက်က ပြောသည်။
စစ်ဆေးချက်အရ ထိုရိုဟင်ဂျာ ၆ ယောက်ကို စတင်တွေ့ရှိသည့် ထိစပ်မြို့နယ်က တာဝန်ယူ မဖြေရှင်းလိုသဖြင့် နီးစပ်ရာ မြို့နယ်အတွင်း ရိုက်ပုတ်မောင်းထုတ်ခြင်း၊ ကျွဲ နွား တိရစ္ဆာန်များကဲ့သို့ သွားရောက်စွန့်ပစ်ထားခြင်း၊ မဖြစ်မနေ ဖမ်းရသည့်အဖွဲ့က ငြူစူရိုက်ပုတ်ခြင်းများ ခံစားခဲ့ရကာ လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် ထောင်ချခံရမှာ ဖြစ်သည်ကို သူတို့ သိရှိချိန်တွင် ငိုကြွေးကြသည်။
အထူးသဖြင့် စစ်ကောင်စီတပ်များက လူမျိုးရေး မုန်းတီးမှု စကားများဖြင့် ပြောဆို ဆက်ဆံခံနေရပြန်သည်။ အရပ်သားအစိုးရခေတ်ကထက် ယခု စစ်ကောင်စီလက်ထက်တွင် ပိုမိုခံနေကြသည်ဟု ဒေသခံများက ဆိုသည်။
“ဘာပဲဖြစ်ဖြစ် သူတို့တွေလည်း လူပဲ။ ကိုယ်နဲ့ အယူမတူတာဘဲရှိတာ၊ ဒုက္ခရောက်နေတာတော့ အမှန်ဘဲ”ဟု ဒေသခံရွာသားတဦးက ပြောသည်။
ယခုကဲ့သို့ အသားအရောင်နှင့် ကိုးကွယ်မှု မတူညီတာကို ပုဂ္ဂိုလ်ရေးခံစားချက် အမုန်းတရား၊ တာဝန်တို့ ပေါင်းစပ်ကာ ဥပဒေမဲ့ ဖမ်းဆီးရိုက်နှက် ထောင်ချခြင်းများသည် လူသားဖြစ်တည်ခွင့် အပေါ် အမြဲတမ်း ခြိမ်းခြောက်ခံနေရပြီး လူဂုဏ်သိက္ခာကို ကင်းမဲ့စေသည်ဟု ဆိုသည်ဟု NGO ဝန်ထမ်းတဦးက ထောက်ပြသည်။
“၁၉၈၂ ဥပဒေမှာက ရိုဟင်ဂျာမရှိဘူးလို့ ငြင်းထားတာ မဟုတ်ဘူးဗျ။ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်ခံမထားတာပဲ ရှိတာ။ ပြီးတော့ ၈၂ ဥပဒေမှာက တိုင်းရင်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိဘဲ တိုင်းရင်းသားဖြစ် မဖြစ်ကို နိုင်ငံတော်ကောင်စီကပဲ ဆုံးဖြတ်နိုင်တယ် ဆိုပြီး ချုပ်ထားတာ။ အဲဒီတော့ဗျာ ရိုဟင်ဂျာက တိုင်းရင်းသား ဟုတ်လား၊ မဟုတ်လား ဆိုတာကို နိုင်ငံတော်ကောင်စီက ဆုံးဖြတ်ပေးလို့ရတဲ့သဘော ဥပဒေအရ မဟုတ်ဘူး၊ လူ့ဆန္ဒအရ ပုံစံမျိုး ဖြစ်သွားတာ” ဟု ပြည်မြို့ လူငယ်စင်တာက လူ့အခွင့်အရေးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစောသီဟက ပြောဆိုသည်။
နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့်နှင့် နိုင်ငံတနိုင်ငံတွင် ခိုလှုံနေထိုင်ခွင့်များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီး၏ အပိုဒ် ၁၅ ၌ အတိအလင်း ပြဋ္ဌာန်းထားပြီး လူသားတိုင်း၏ အခြေခံလူ့ရပိုင်ခွင့်တရပ်ဖြစ်ကာ မြန်မာနိုင်ငံသား မဟုတ်ဘူးဟု မျက်စိမှိတ် ဘဝတလျှောက်လုံး သတ်မှတ်နေရာမှာ ပိတ်လှောင်ခံထားကြရသည်။
အခြေခံ လူ့အခွင့်အရေးဖြစ်သည့် ခရီးသွားလာမှုကို ချိုးဖောက် အသက်ရှင်သန်ရေးအတွက် စားဝတ်နေရေးအတွက် ရိုးမကျော် စွန့်စားရောက်ရှိလာသည့် ရိုဟင်ဂျာလူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့၏ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးစော်ကားမှုတွေကို မြင်ရ၊ ကြားရတတ်သည်။ ဒုက္ခသည်များကို ထမင်းလာကျွေးသူ၊ အဝတ်အစားပေးသူ၊ အရပ်သူအရပ်သားများက စိတ်ပျက် မျက်နှာပူနေကြသည်ဟု သိရသည်။
“နိုင်ငံရေး ဘာတွေ သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ သူတို့လည်း လူတွေပဲ၊ သူကြိုက်ရာ သူ ကိုးကွယ်တာပဲ၊ ဝက်သားကျွေးမယ် ဘာမယ် ပြောစရာမလိုဘူး ထင်တယ်။ တာဝန်မယူချင်လည်း သူတို့သွားချင်တဲ့ မလေးရှား သွားခိုင်းလိုက် ပြီးရော” ဟု ဒေသခံတဦးက စကစအဖွဲ့ဝင်များ မကြားအောင် ပြောဆိုလိုက်သည်။
ပုသိမ်-မုံရွာ လမ်းတလျှောက်မှာရှိတဲ့ မင်းလှ၊ ကံမ၊ မင်းတုန်းတို့မှာ ၂၀၂၀ နဲ့ ၂၀၂၁ တို့တွင် ရခိုင်ရိုးမကို ဖြတ်ကျော်လာသည့် ရိုဟင်ဂျာ ထောင်ဂဏန်းနီးပါးခန့် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသလို စစ်တပ်က အာဏာသိမ်းပြီးချိန်တွင် ရာဂဏန်းခန့် ဖမ်းဆီး ထောင်ချခံခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
အလားတူ ဧရာဝတီမြစ်ဝကျွန်းပေါ် ရန်ကုန်တိုင်းအတွင်းက ပင်လယ်နဲ့ နီးစပ်နေရာတွေမှာလည်း စက်လှေနှင့် လူ အင်အားမမျှအောင် တင်ဆောင်လာသည့် ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရပြီး မြန်မာစစ်တပ်ရဲ့ သဘောထားတင်းမာမှုကို မြင်တွေ့နေရသည်ဟု ဆိုသည်။
ပိတ်လှောင်ခံ ရိုဟင်ဂျာများသည် မြန်မာပြည်မနဲ့ မြန်မာနိုင်ငံရဲ့ ပြင်ပကို နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာဖို့ ကြိုးစားကြရာမှာ ရေလမ်းခရီး၊ ကုန်းလမ်းခရီးမျိုးစုံ၌ လွတ်မြောက်သွားသူများ သိန်းချီရှိနေပြီး ဖမ်းမိသူများသည်လည်း သရက်ခရိုင်အတွင်းမှာ ၃ နှစ်အတွင်း သောင်းဂဏန်းမျှ ဖမ်းဆီးခံရကာ အာဏာသိမ်းကာလ တနှစ်မပြည့်ခင်အတွင်း တစ်ထောင်ကျော်ရှိပြီ ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာန၏ အကြံပေးတစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက“ရိုဟင်ဂျာတွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျူးလွန်လာခဲ့တဲ့ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အရှိန်အဟုန်မြှင့်ပြီး လုပ်လာတွေ့ရတယ်။ ဒီရာဇဝတ်မှုတွေက နိုင်ငံတကာတရာရုံးမှာ ရင်ဆိုင်နေရတဲ့ ပြစ်မှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပြီး အိုင်စီဂျေရဲ့ ကြားကာလ အစီအမံအမိန့်ကိုလည်း ပေါ်တင် ကျူးလွန်ရာ ရောက်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ များသောအားဖြင့် ကလေးသူငယ်၊ အမျိုးသမီးတွေများပြီး စာနာမှုကင်းမဲ့စွာ ထောင်ချတဲ့လုပ်ရပ်က အင်မတန်လူမဆန်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ ကလေးသူငယ်များ အခွင့်အရေးစာချုပ် CRC ကိုလည်း ချိုးဖောက်ရာရောက်ပါတယ်”ဟု မကြာမီရက်ပိုင်းက ပြောဆိုဖူးသည်။
လွန်ခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာက မင်းတုန်းမြို့၌ ဖမ်းဆီးခံရသူ ရိုဟင်ဂျာ ၃၇ ဦးသည် လမ်းကောင်းစွာ မလျှောက်နိုင်သဖြင့် ထားသည့် နေရာတွင် လှဲအိပ်ကာ ညည်းညူအော်ဟစ်နေကြရသည်။ ယင်းကဲ့သို့ အော်ဟစ် ညည်းညူနေလောက်အောင် ရခိုင်ရိုးမကျော် ခရီးအပြီးတွင် ထောင်ချခြင်းမခံရဘဲ နေရပ်သို့ အဓမ္မပြန်ပို့ခံကြရသည်။
နေရပ်သို့ အဓမ္မပြန့်ပို့ခံရသူများအနက် အသက် ၁၈ နှစ်အရွယ် မိုဟာမက်အာရဘန်က “ကျနော်တို့ လွတ်လပ်ချင်တယ်။ အမြဲတမ်း ပိတ်လှောင်ခံနေရတာ မကြိုက်ဘူး။ သူများတွေလိုပဲ ရှာဖွေ စားသောက်ချင်တာပါ”ဟု နေရပ်ပြန်ဖို့ ကားပေါ်အတက်မှာ ကြေကွဲစွာ ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ရခိုင်ရိုးမကို ဖြတ်ကျော်လာသည့် ရိုဟင်ဂျာများကို ပုသိမ်-မုံရွာလမ်းမကြီးအကျော်တွင် မကြာခဏ ဖမ်းဆီးရမိချိန်တွင် မတ်လ ၂၉ ရက်က ဘင်္ဂလားဒေ့နိုင်ငံတွင်းရှိ ရိုဟင်ဂျာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းပြဿနာကို တုံ့ပြန်ဆောင်ရွက်ရေး ပူအစီအစဉ်အဖြစ် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁၅၂ သန်း ထပ်မံထည့်ဝင်ခဲ့သည်။
မြန်မာစစ်တပ်၏ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်သည်အထိ စစ်တပ်က နှိမ်နင်းခြင်းခံခဲ့ရသည့် ရိုဟင်ဂျာများအားလုံးအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများအတွက် ထပ်မံထည့်ဝင်ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပီတာဟက်စ်ကကြေညာခဲ့သည်။
မြန်မာနိုင်ငံဘက်က ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ် ကေ့ာဇ်ဘဇားတွင် ခိုလှုံနေသည့် ရိုဟင်ဂျာ ၇၄၀၀၀၀ အတွက် အမေရိကန်၏ အကူအညီသည် ဒေါ်လာ သန်း ၁၇၀၀ကျော်ရှိနေပြီဖြစ်ပြီး နိုင်ငံတကာ၏ အာရုံစိုက်ခံနေရသည်ဟုလည်း ဆိုနိုင်ပါသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်တွင် ရိုဟင်ဂျာနည်းတူ ဖမ်းဆီးသတ်ဖြတ်ခံ၊ ကျေးရွာများ မီးရှို့ခံနေရသည့် မြန်မာပြည်သူများသည် ရခိုင်ရိုးမကို ဖြတ်ကျော်လာသည့် ရိုဟင်ဂျာများ တတ်နိုင်သ၍ ခွဲဝေကူညီပေးနေခဲ့ပြီး နိုင်ငံတကာ၏အာရုံစိုက်မှုသည် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာလောက် မရသည်မှာလည်း အမှန်ပင် ဖြစ်ပါသည်။
မည်သို့ပင်ဖြစ် ခရီးသွားခွင့်အပါအဝင် အခြေခံလူအခွင့်ရေးများ ဆုံးရှုံးနေကြရသည့် ရိုဟင်ဂျာများ နည်းတူ မြန်မာပြည်သူများသည်လည်း စစ်တပ်၏ ဖိနှိပ်အုပ်ချုပ်ခြင်းကို ခံရနေပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေကြရချိန်တွင် မြန်မာပြည်သူများအပါအဝင် ရိုဟင်ဂျာများ၏ လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်ရေးသည် အုပ်စိုးသူ အပြောင်းအလဲ တိုက်ရိုက်အချိုးကျ နေပါသည်။
မြန်မာပြည်သူများနှင့် ရိုဟင်ဂျာများ၏ မရဲတရဲ မျှော်လင့်ရောင်ခြည်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကိုစောသီဟ၏ စကားက ဖော်ပြလို့နေပါသည်။
“ပြည်သူအများ မျှော်လင့်နေတဲ့ NUG အစိုးရကတော့ တော်လှန်ရေးအစိုးရဖြစ်တဲ့အတွက် သူတို့ကတော့ အပြုသဘောဆောင်တဲ့ သဘောထားတွေ တွေ့ရပါတယ်”ဟု ပြည်မြို့ လူငယ်စင်တာက လူ့အခွင့်အရေးနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစောသီဟက ပြောဆိုသည်။
ဒေးဗစ်ထန်း