မွန်ပြည်နယ် ရေးမြို့နယ် ရေး - မော်လမြိုင်သွားကားလမ်းရှိ ရေးမြို့အဝင် စစ်ဆေးရေးဂိတ်မှူး ပျုစောထီအဖွဲ့ဝင်တဦး ဧပြီ ၂၄ ရက်နေ့ မနက် ၉ နာရီခွဲလောက် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရေးမြို့အဝင်ဂိတ်မှာ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးရောက် ဂိတ်ရှေ့ရပ်ပြီး စစ်ဆေးရေးဂိတ်မှူး ဦးကျော်ဇေယျာကို ပစ္စတိုနဲ့ ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဆေးရေးဂိတ်မှူးဟာ စစ်ကောင်စီနဲ့ပေါင်းပြီး သတင်းပေးတွေ ဆောင်ရွက်ခဲ့တဲ့အပြင် PDF တွေရဲ့ လှုပ်ရှားမှု အခြေနေတွေကို စစ်တပ်ဘက် နည်းလမ်းမျိုးစုံ ပူးပေါင်းလုပ်ဆောင်လာတာကြောင့် အန္တရာယ်ရှိလို့ အခုလို ရှင်းလင်းလိုက်တာဖြစ်ကြောင်း ရေးဘီးလူးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အသတ်ခံရသူရဲ့ မိသားစုနဲ့ နီးစပ်တဲ့သူတဦးက “တဖက်ကကြည့်ရင် အသတ်ခံရတဲ့သူက စစ်တပ်နဲ့ နီးစပ်လို့ သတင်းပေးလို့ စွပ်စွဲခံရတာဆိုပေမယ့် သေဆုံးသူဘက်ကနေကြည့်ရင် ဆုံးရှုံးနစ်နာမှုကလွဲရင် အခုလို အခြေနေမျိုးမှာ ဘာမှ မတတ်နိုင်ဘူး” လို့ ပြောပါတယ်။
ရေးမြို့ကို စစ်ကောင်စီတပ်ဖွဲ့တွေ ပိတ်ဆို့ထားလိုက်တဲ့ကြားကနေ အခု ၃ ရက်တာတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အပါအဝင် သစ်တောခေါင်း ၁ ဦး၊ အခု စစ်ဆေးရေးဂိတ်မှူးအပါအဝင် ၅ ဦးလောက်ကို ရေးဘီးလူးအဖွဲ့က ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ သတင်းပေးတွေ နဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်လေ့ရှိတာကြောင့် ရေးဘီးလူး အဖွဲ့သားတွေနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဆီ သတင်းပေးတိုင်ကြားသူကို ဆုကြေးငွေပေးမယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပေမဲ့ ဒီနေ့အထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှကို စစ်အာဏာရှင်ကျဆုံး သွားတဲ့အထိ အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ရေးဘီးလူးအဖွဲ့က ပြောဆိုထားပါတယ်။