မကြာမီ နွေဦးတော်လှန်ရေးကြီး အောင်မြင်စွာ ပြီးဆုံးသွားနိုင်ခြေရှိတယ်လို့ ယုံကြည်နေတယ်။ နွေဦးတော်လှန်ရေး အောင်မြင်စွာ ပြီးဆုံးခြင်းနဲ့အတူ မြန်မာလူ့အဖွဲ့အစည်းအပေါ် နှစ်ရှည်ကြာ လွှမ်းမိုးဖိနှိပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်လည်း ပျောက်ကွယ်သွားတော့မှာဖြစ်တယ်။
စစ်အာဏာရှင်စနစ်ဆိုးကြီး ကွယ်ပျောက်သွားတယ်ဆိုပေမယ့် နောက်တကြိမ် ထပ်မံ မပေါ်ပေါက်စေဖို့အတွက်တော့ မြန်မာလူ့အဖွဲ့အစည်းဝင်အားလုံး သတိပြု ကာကွယ် တားဆီးကြဖို့တော့ လိုတယ်။ တော်လှန်ရေးဆိုတာ လက်နက်ကိုင်ပြီး တော်လှန်မှုသာမက အတွေးအခေါ် အမူအကျင့် ခံယူကျင့်သုံးပုံကအစ ကိုယ့်မှာရှိတဲ့ ညာဉ်ဆိုးတွေကိုပါ တော်လှန် ဆန့်ကျင်ပြောင်းလဲပစ်ကြရမှာ ဖြစ်တယ်။
တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ စစ်အာဏာရှင်ဓလေ့ဟာ နှစ် ၇၀ ကျော်နီးပါး ကြာညောင်းခဲ့ပြီ။ ဒါ့အပြင် မြန်မာ့သမိုင်းအရ ပြန်ကြည့်လိုက်တော့ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ် အားလုံးဟာလည်း အာဏာရဲ့ဖိနှိပ် အုပ်ချုပ်မှုကို ခံခဲ့ရတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မြန်မာ့ရေပေါ်ဆီ လူ့အသိုက်အဝန်းတခုလုံးဟာလည်း အဲဒီအချိန်ကတည်းက ‘အာဏာရှင် အားကျစိတ်’ တို့ မသိမသာရော သိသိသာသာပါ စိမ့်ဝင်နေခဲ့တာကို တွေ့ရတယ်။
ရှေးကတည်းက သင်ကြားခဲ့ရတဲ့ ဘုန်းတော်ကြီးသင်ပညာရေး ဖြစ်တာကြောင့် အာဏာရှင်စရိုက်ကလည်း ကာယကံရှင်ကိုယ်တိုင် မသိဘဲ အရိုးစွဲအောင် ကိန်းဝပ်နေခဲ့တာ။ အဲဒီကျောင်းထွက်တွေကို မြန်မာ့လူမှုရေးအရ ကြည့်ရင်လည်း ဖခင်ရဲ့ တချက်လွှတ်အုပ်ထိန်းမှုနဲ့ ကြီးပြင်းခဲ့ရသလို ကိုလိုနီခေတ် ကျောင်းနေချိန် ရောက်ပြန်တော့လည်း ဆရာတွေရဲ့ မျက်နှာဖြူတို့ရဲ့ ခွဲခြားဆက်ဆံပညာရေးကနေ ဆက်လက်ထိန်းချုပ်တာ ခံကြရပြန်တယ်။
လူငယ်တွေအဖို့ကတော့ အိမ်မှာလည်း ဖခင်ရဲ့ တချက်လွှတ် အမိန့်နာခံရ၊ ကျောင်းမှာလည်း ဘုန်းကြီးနဲ့ ဆရာတွေရဲ့ တချက်လွှတ်အမိန့်နဲ့ ထိန်းချုပ်တာခံရတယ်။ ဒီကြားထဲ အလှူအတန်း ပွဲလမ်းသဘင်တွေ ရှိလာတဲ့အခါ ဘုန်းတော်ကြီးတွေရဲ့ အုပ်ချုပ်မှု ကြိမ်လုံးဒဏ် ခံကြရပြန်တယ်။ လင်မယား ရန်ဖြစ်တော့လည်း ဒီကြိမ်လုံးပဲ ကြောက်နေခဲ့ရတာ။ ဒီလိုခံရတာများလာတော့ အလိုလိုနေရင်း အာဏာရှင်လုပ်ရတာအပေါ်မှာ သာယာလာတယ်။ အခွင့်ထူးခံရတဲ့အပေါ် သာယာလာတယ်။ တပြိုင်တည်း အခွင့်ထူးခံလိုစိတ်ကလည်း ဖြူစင်တဲ့ လူငယ်စိတ်ထဲ စိမ့်ဝင်လာခဲ့တော့တာပါပဲ။ အဲဒီကတဆင့် အာဏာရှင် အားကျစိတ်ဖြစ်လာတယ်လို့ ဆိုရမယ် ထင်ပါရဲ့။
ပဒေသရာဇ်ခေတ်မှာတော့ အဲဒီလို အခွင့်ထူးခံရတဲ့ အတန်းအစားက နှစ်ခုပဲ ရှိတယ်။ ဘုရင့်အာဏာစက်ရဲ့ အုပ်ချုပ်သူ အသိုက်အဝန်းနဲ့ ဘုန်းတော်ကြီးတို့ပဲ ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ပါမောက္ခဆရာ ဦးမောင်မောင်ကြီးက သူ့ရဲ့ Burmese Political Value ဆိုတဲ့စာအုပ်မှာ “ဘုရင်စနစ်ကိုကား အထောက်အပံ့ပေးကြရာတွင်မူ သာသနာ့ဒါယကာဘွဲ့ ခံယူလိုသော ဘုရင်နှင့် အခွင့်ထူးခံဘုန်းကြီးတို့မှာ တလှေတည်းစီးသော ခရီးသည်များသာ ဖြစ်သည်” လို့ ဖော်ပြခဲ့တယ်။ အဲဒီခေတ်အခါက ဘုန်းကြီးနဲ့ ဘုရင်အာဏာစက် ထိန်းသိမ်းပေးရသူတွေဟာ အခွင့်ထူးခံတွေပါပဲ။
ဘုန်းကြီးတွေဟာ အကြွင်းမဲ့အာဏာပိုင်ပဒေသရာဇ်အောက်မှာ အခွင့်ထူးခံရတယ်ဆိုတာက ဘုန်းကြီးတွေအတွက် ကင်းလွတ်ခွင့်တချို့ ရှိနေတာကို ပြောတာ။ အုပ်ချုပ်မှုအရ ကင်းလွတ်တာ။ အခွန်အတုပ်က ကင်းလွတ်တာ။ သာသနာပိုင်ဘုန်းကြီးတွေက တောင်းဆိုရင် ရာဇဝတ်သင့်သူတောင် ခွင့်လွှတ်ပေးတာမျိုးအထိ ရှိခဲ့တယ်။ ဘုန်းကြီး တပါးပါး ရာဇဝတ်မှု ကျူးလွန်ရင် ဘုန်းကြီးတွေကပဲ စစ်ဆေး လူဝတ်လဲပြီးမှ စီရင်ခွင့်ပြုတာတွေက အစပေါ့။ ဒီတော့ ဘုန်းကြီးတွေဟာ အဲဒီအခွင့်ထူးအတွက် ဘုရင်နဲ့ လိုက်လျောညီလုပ်ဆောင်လာရတော့တာပါပဲ။ ဒါကြောင့် ပဒေသရာဇ်ခေတ်မှာ ‘ဘုရင်နဲ့ ဘုန်းကြီးတွေဟာ တခရီးတည်းသွား’ တွေလို့ ပြောတာ။
ဗမာဘုရင်တွေအတွက် အုပ်ချုပ်ရေးဆိုတာလည်း လူထုကို အကြမ်းဖက်နှိပ်ကွပ်ခဲ့တာကို ခေါ်တာပါပဲ။ ပြည်သူစိတ်ထဲမှာ ကြောက်ရွံ့ရိုသေရမယ်လို့ စွဲမှတ်သွားအောင် သွတ်သွင်းခြင်းပါပဲ။ ဒီနေ့ခေတ် စစ်အာဏာရှင်စနစ်နဲ့ ဘာမှကွာခြားမှု မရှိပါဘူး။ ဒါကြောင့်လည်း ရန်သူမျိုး ၅ ပါးမှာ အုပ်ချုပ်သူ မင်းဧကရာဇ်ကို ထည့်သွင်းထားတာပေါ့။ ဒီတော့ သာမန်ပြည်သူတွေက အုပ်ချုပ်သူ မင်းနဲ့ တတ်နိုင်သမျှ ကင်းကင်းနေခဲ့ကြတယ်။ “မင်းလှေမျောလည်း မဆယ်နဲ့’ ဆိုတဲ့စကားပုံတွေက ဒီအချက်ကို ပြနေတာ။
ဒီလို ကင်းရှင်းနေကြပေမဲ့ လူမှုရေးအရဖြစ်ဖြစ်၊ အုပ်ချုပ်ရေးအရပဲဖြစ်ဖြစ် အခွင့်ထူးခံ ဖြစ်ချင်တဲ့စိတ်က အဲဒီကနေစခဲ့တာ။ ကြာလာတော့ မင်းအာဏာဟာ လူတို့ စံတခု ဖြစ်လာတယ်။ မသိစိတ်မှာ မင်းအာဏာနဲ့ ဘုန်းကြီးတွေရဲ့ ဩဇာအပေါ် အားကျစိတ်ဝင်လာခဲ့တာပေါ့။ အဲဒီ အာဏာရှင်အားကျစိတ်ဟာ အာဏာရှင်ခေတ်ဆိုးတွေကို ကြုံလာရပြီး တော်လှန်မှု မလုပ်နိုင်တိုင်း အားကျစိတ်က ခိုအောင်းလာခဲ့တာ။ တော်လှန်ပုန်ကန်လို့ အောင်မြင်လာရင်လည်း အဲဒီအားကျစိတ်နဲ့ပဲ လူထုအပေါ် ဖိနှိပ်ကျင့်သုံးကြတာပါပဲ။ ဒါကြောင့် ‘ဘီလူးကြီးဗိုက်ထဲက ဘီလူးလေး ထွက်လာတယ်’ လို့ ပြောစမှတ်ပြုခဲ့ကြတာပေါ့။
ကိုလိုနီခေတ်ရောက်တော့လည်း ပဒေသရာဇ်လောက်မဆိုးပေမယ့် အုပ်ချုပ်သူတွေရဲ့ အနိုင်ကျင့် ဖိနှိပ်တာကို ခံရတယ်။ အုပ်ချုပ်သူ မင်းမှုထမ်းတွေကို ရောက်လေရာအရပ်တိုင်းက ဘုရင်တဆူလို ပသပြီး ဆည်းကပ်ကြရတယ်။ ကြာလာတော့ အနှိမ်ခံဘဝက လွတ်မြောက်ရာလမ်းဟာ တော်လှန်ရေးမဟုတ်ဘဲ သူတို့အလိုကျလုပ်ဆောင်ပြီး သူတို့လို နေရာရောက်အောင် ကြိုးစား လုပ်ဆောင်လာကြတယ်။ သူတို့နေရာရောက်တော့လည်း “အစွယ်ပြူးပြူးနဲ့ ဘီလူးလေး မွေးလာတာ” ပဲပေါ့။ ဒီလိုနဲ့ အာဏာရှင်အားကျစိတ်ဟာ အဆင့်ဆင့်ဖြစ်ပေါ်လာခဲ့တာပဲ မဟုတ်လား။
ဒါကြောင့် မြန်မာပြည်မှာ မွေးလာတဲ့ လူအများစုမှာ အာဏာရှင်အနုဿယလေးတွေ အညွန့်အညှောက်အဖြစ် ပါလာခဲ့ပြီးသားပဲလို့ ဆိုချင်တယ်။ ဒီလူတွေက ဆင်းသက်လာတဲ့ လူ့အဖွဲ့အစည်းရဲ့ မသိစိတ်ထဲမှာလည်း အာဏာရှင်စိတ် လွှမ်းမိုးနေတယ်။ လူ့အဖွဲ့အစည်းရဲ့ အာဏာရှင်အားကျစိတ်ဟာ အခွင့်အရေးရတာနဲ့ တန်ခိုးပြဖို့ အခွင့်သာတော့တာပဲပေါ့။ အစဉ်အလာနဲ့ ပတ်ဝန်းကျင်၊ အုပ်ချုပ်သူတို့ရဲ့ နိုင်ငံရေးဓလေ့ကနေ သင်ကြားချက်အရ ဒီလမ်းကိုပဲ လျှောက်ခဲ့ကြဟန်ပါပဲ။
လွတ်လပ်ရေးရပြီးနောက် စနစ်တွေ၊ ခေတ်တွေ ပြောင်းလဲလာခဲ့တယ်ဆိုပေမဲ့ အဲ့ဒါဟာလည်း အစိုးရတရပ်ကို တခြားအစိုးရတရပ်နဲ့ အစားထိုး ပြောင်းလဲလိုက်တာထက် မပိုပါဘူး။ အာဏာရှင်စရိုက်က ရှိမြဲရှိနေတာပါပဲ။ ၂၀၁၅ နောက်ပိုင်းအထိလည်း ဒီလိုပါပဲ အစိုးရတရပ်ကို တခြားအစိုးရတရပ်နဲ့ အစားထိုးခဲ့တာပဲ ဖြစ်တယ်။ စစ်အာဏာရှင်စရိုက်ကို ပြည်သူ့ဒီမိုကရေစီ စရိုက်နဲ့ အစားထိုးခဲ့ခြင်း မဟုတ်ခဲ့ပါဘူး။ တိုင်းပြည်တွင်း နေထိုင်ကြတဲ့ နိုင်ငံသားတွေကို မပြောနဲ့၊ ဒီမိုကရေစီ လိုလားစွာ အကောင်ထည်ဖော်နေကြတဲ့သူတွေကိုယ်နှိုက်တောင် အာဏာရှင်စရိုက်ကို မပြောင်းလဲနိုင်ခဲ့ကြပါဘူး။ ဒါကို လက်မခံချင်သာ နေမယ်၊ အရှိတရားတခု ဖြစ်နေခဲ့တာတော့ ငြင်းမရ။
ဒါတွေဟာ ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုရင် အထက်ကဖော်ပြခဲ့တဲ့ လူ့အဖွဲ့အစည်းအတွင်း ဘိုးစဉ်ဘောင်ဆက် ရှည်ကြာစွာ လွှမ်းမိုးထားခဲ့တဲ့ “လူ့အဖွဲ့အစည်းရဲ့ အာဏာရှင်စရိုက်” လက္ခဏာတရပ်ကြောင့်ပဲ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့်လည်း တချို့သောပုဂ္ဂိုလ်တွေက “မြန်မာ့လူ့အဖွဲ့အစည်းဟာ အာဏာရှင်နဲ့ပဲ ထိုက်တန်တယ်” လို့ ဆိုကြဟန်ပါပဲ။ အဲဒီလို ဆိုလောက်အောင်လည်း ဖြစ်နေခဲ့တာကိုး။
တကယ်တော့ လူ့အဖွဲ့အစည်းရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်လက္ခဏာရပ်တွေက နေ့ချင်းညချင်း ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ နှစ်ပေါင်းရှည်ကြာ အရိုးစွဲအောင် ခိုင်မြဲမြဲလာခဲ့တဲ့ အခြေခံစိတ်ကနေ ဓလေ့စရိုက် ဖြစ်လာခဲ့တာ။ အာဏာရှင်ဓလေ့စရိုက်ကနေ နိုင်ငံရေးဓလေ့တခုလို ဖြစ်လာခဲ့တာပေါ့။ အစဉ်အလာ နိုင်ငံရေးဓလေ့မှာက အမိန့်ပေးသူနဲ့ အမိန့်နာခံသူပဲ ရှိခဲ့တာ။ ပြည်သူလူထုက ဘယ်မှာ ပါဝင်ခွင့်ရှိခဲ့လို့လဲ။ ဘာသာရေးအဖွဲ့အစည်းတွေကလည်း အာဏာရှင်ဓလေ့ကိုပဲ ကျားကန် မောင်းနှင်ပေးခဲ့ကြတာကလား။ လက်ရှိအခြေအနေနဲ့ ယှဉ်ကြည့်ရင် ပိုပေါ်လွင်လာပါလိမ့်တယ်။ မြန်မာနိုင်ငံရေးစရိုက်ဟာ အာဏာရှင်နိုင်ငံရေးဓလေ့ထက် မပိုခဲ့ပါဘူး။
“လူ့အဖွဲ့အစည်းမှာ အာဏာရှင်တွေ မင်းမူနေခဲ့တာ ပြည်သူတွေ လက်ခံထားလို့ပဲ” လို့ ဆိုကြတယ်။ ဒီနေ့ ပြည်သူအားလုံးက အာဏာရှင်ကို ဆန့်ကျင်တော်လှန်လာကြပြီ ဖြစ်တယ်။ ဒါပေမဲ့ အာဏာရှင် ဆန့်ကျင်ရင်း တပြိုင်တည်း ‘ဘီလူးပေါက်လေး’ ဖြစ်မလာအောင် တဦးချင်း အဇ္ဈတ္တတော်လှန်ရေး လုပ်ဖို့လည်း လိုမယ်ထင်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းကြားမှာ ခိုအောင်းနေတဲ့ အာဏာရှင် အားကျစိတ်နဲ့ အာဏာရှင်အနုဿယစိတ်ကိုလည်း ဆန့်ကျင်ရမှာပဲ ဖြစ်တယ်။ ဒါဟာ ယဉ်ကျေးမှု တော်လှန်ရေးတရပ်လည်း ဖြစ်နေတာကြောင့် ‘ကျွဲကူးရေပါ’ တပြိုင်တည်း လုပ်ဆောင်ကြဖို့ အချိန်သင့် အခါသင့်ရောက်ပြီလို့ ဆိုချင်ပါတယ်။
ဒါကြောင့် အာဏာရှင်စနစ် မြန်မာ့မြေပေါ်က ပျောက်ကွယ်သွားဖို့အတွက် ဖက်ဆစ်တပ်ကို ဖြိုဖျက်ရုံမက ကိုယ့်ရဲ့အဇ္ဈတ္တမှာ အမြစ်တွယ်စပြုနေတဲ့၊ ပြီးတော့ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ အာဏာရှင်နိုင်ငံရေးဓလေ့ကိုလည်း တော်လှန်ရေးတရပ်အဖြစ် ခံယူကျင့်သုံးသွားကြဖို့ အသိပေး တင်ပြလိုက်ရပါတယ်။ နွေဦးတော်လှန်ရေး ရဲဘော်အားလုံး အာဏာရှင်အနုဿယစိတ်ကိုပါ အမြစ်မကျန် တော်လှန်နိုင်ကြပါစေ။
ဂန္ထဝင်မောင်တူး