ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းမှာ ပန်းခင်းစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေ လုပ်ဆောင်ရာမှာ ကူညီပေးဖို့တိုက်တွန်းထားတာကို ပြန်လည်ရုပ်သိမ်းကြောင်း ကေအန်ယူက ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့တပ်တွေဟာ ဒူးပလာယာခရိုင်အတွင်း အင်အားတိုးချဲ့လှုပ်ရှားလာတဲ့အတွက် တိုက်ပွဲတွေဖြစ်တဲ့အပြင် ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ အလွန်စိုးရိမ်နေရသလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်ပစ္စည်းတွေ ထိခိုက်ပျက်စီးတဲ့အတွက် လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေကြောင့် လုပ်ငန်းအကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ခြေမရှိလို့ အခုလိုရုပ်သိမ်းလိုက်တာလို့ ကေအန်ယူ တပ်မဟာ ၆ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ စာမှာ ဖော်ပြပါတယ်။
မတ် ၁၃ ရက်က စစ်ကောင်စီရဲ့ လက်အောက်ခံ ကြာအင်းဆိပ်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ရှေ့တန်းရုံးတွေက ပေးပို့ခဲ့တဲ့စာအပေါ် ဒေသတွင်းပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုနဲ့ စားဝတ်နေရေးအတွက် လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် ကူညီပေးခဲ့တာလို့ ကေအန်ယူက ဆိုပါတယ်။
တံခွန်တိုင်ကျေးရွာသားတစ်ဦးက”အခုက နိုင်ငံရေးကမတည်ငြိမ်၊ တိုက်ပွဲတွေကဖြစ် ကျနော်တို့ ဒေသခံအတွက် နိုင်ငံသားကတ်ကော၊ အိမ်ထောင်စုလူဦးရေးစာရင်းမရှိလည်း ဘာမှမဖြစ်ဘူး။ တိုက်ပွဲတွေမရှိဖို့ အရေးကြီးတယ်။ နိုင်ငံရေးတည်ငြိမ်အောင် အရင်လုပ်ဖို့လိုတယ်။ အခု စာရင်းကောက်တာကလည်း မဲအတွက်ပဲဖြစ်မယ်”လို့ ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းက မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေကို လိုက်လံကောက်ယူတာတွေကို စစ်ကောင်စီရဲ့ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးလုပ်ဆောင်နေတာတွေ ရှိပါတယ်။
အခုလို နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေကို လံလိုက်ကောက်ယူနေတာဟာ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ပါတီ အနိုင်ရရှိရေးအတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်နေတာလို့ ဘားအံမြို့၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဝေဖန်သုံးသပ်နေကြပါတယ်။
စစ်ကောင်စီက ပန်းခင်းစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ ဆောင်ရွက်ပေးနေတာဖြစ်လို့ ဧပြီလကစတင်ပြီး ခရီးသွားလာရာမှာက နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ထားသူတွေကို စစ်ဆေးတွေ့ရှိပါက အရေးယူခံရမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။