ကယားပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ရှိ ဒေါမူးကလားကျေးရွာမှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မနက် ၁၀ နာရီလောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ် (ကျား) ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
“အဲ့ဒီကျေးရွာမှာ လူတွေအကုန် ရှောင်သွားကြပြီ၊ သူတို့မိသားစုပဲ ကျန်နေတာ။ မနက် ၆ နာရီလောက်ထဲက စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေလို့ သူတို့မိသားစုလည်း စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေချိန် ပစ်ခတ်ခံလိုက်ရတာ။ သေနတ်နဲ့ပစ်ခံရတဲ့ ကလေးကို ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ပေမဲ့ အသက်သေဆုံးသွားတယ်” လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF-B12 အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဧပြီ ၁၆ ရက်နေ့ မနက် ၆ နာရီအချိန်ကတည်းက စစ်ကောင်စီ အမြောက်တပ်က တိုက်ပွဲမဖြစ်ဘဲ တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါမူကလားကျေးရွာအတွင်း လက်နက်ကြီး ၄ လုံးကျရောက်ခဲ့ပြီး လူနေအိမ် ၁ လုံး ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့အရှေ့ဘက်အခြမ်းမှာ ပစ်ခတ်မှုတွေ ဆက်တိုက်ကြားနေရပြီး ထိပ်တိုက်ပစ်ခတ်မှုတွေလည်း ရှိသလို စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲမဖြစ်ဘဲ PDF တွေရှိမယ်ထင်တဲ့ နေရာတွေ၊ အရပ်သားပြည်သူတွေ နေထိုင်တဲ့ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။