ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဧပြီ ၁၃ ရက် ညနေပိုင်းက စစ်ကောင်စီ ရိက္ခာတင် စက်လှေတစီးကို မြို့လှ KPDF က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "ညနေ ၆ နာရီခွဲလောက်က ကျောက်ကြီးကျေးရွာကို စုန်ဆင်းလာတဲ့ စက်လှေ အပစ်ခံရတာ၊ စက်လှေပေါ်မှာ တပ်ရင်းမှူးနဲ့ စခန်းမှူး နှစ်ဦးပါတယ်၊ တပ်ဖွဲ့ဝင် အားလုံး ၈ ဦးလောက်ရှိမယ်၊ အပစ်ခံရတာ စက်လှေတော့ နစ်သွားတာမရှိဘူး။ ထိခိုက်သေဆုံးတာကိုတော့ တိတိကျကျ မသိရဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီ ရိက္ခာတင်စက်လှေ ၁ စီးအား မြို့လှ KPDF တပ်ခွဲ ၃ မှ တပ်ခွဲမှူး ဦးဆောင်တဲ့အဖွဲ့က လမ်းခုလတ် မြစ်ကမ်းတနေရာမှာ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ မြို့လှ KPDF က ထုတ်ပြန်ထားပါတယ်။
စက်လှေ ပစ်ခတ်ခံရတဲ့နေရာကို ကျောက်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်ပြီး မြို့လှ KPDF အဖွဲ့ကတော့ အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာသယ်စက်လှေနဲ့ သင်္ဘောတွေ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိပြီး မတ် ၁၁ ရက်ကလည်း ဗျူဟာမှူးတယောက်နဲ့ ဗိုလ်ကြီးနှစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက် ပစ်ခတ်ခံခဲ့ရပါတယ်။