Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်ပွဲကို စစ်အုပ်စုက ကျပ် ၅,၀၀၀ စားများဖြင့် လုံခြုံရေးတင်းကျပ် ကျင်းပ
DVB
·
April 13, 2022
Yangon Thingyan 12
Yangon Thingyan 11
Yangon Thingyan 10
Yangon Thingyan 09
Yangon Thingyan 08
Yangon Thingyan 07
Yangon Thingyan 06
Yangon Thingyan 05
Yangon Thingyan 04
Yangon Thingyan 03
Yangon Thingyan 02
Yangon Thingyan 01

ရန်ကုန်မြို့မှာ အာဏာသိမ်း စစ်ကောင်စီက စီစဉ်ကျင်းပနေတဲ့ သင်္ကြန်ပွဲမှာ ပြည်သူတွေက သွားရောက်ရေကစား ပျော်ပါးကြတာမရှိဘဲ မဏ္ဍပ်တွေမှာလည်း စစ်တပ်က အခကြေးငွေပေး ခေါ်ယူထားတဲ့ ကျပ် ၅,၀၀၀ စားတွေပဲ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ မဏ္ဍပ်နှစ်ခုတည်းသာ ရှိပြီးတော့ အဲ့ဒီနှစ်ခုမှာလည်း သာမန်ပြည်သူတွေကို ဝင်ခွင့်မပေးဘဲ စစ်အုပ်စုနဲ့ ဆက်နွှယ်ပတ်သက်သူတွေကိုသာ ဝင်ခွင့်ပေးကာ လုံခြုံရေး တင်းကျပ်စွာနဲ့ သင်္ကြန်ပွဲ ပြုလုပ်နေပါတယ်။

ရန်ကုန်မြို့ရဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ သပိတ်ကော်မတီတို့က စစ်ကောင်စီရဲ့ သင်္ကြန်မှာ ပြည်သူတွေ မပါဝင်ဖို့နဲ့ စစ်အုပ်စုနဲ့ ဝေးဝေးနေဖို့ နှိုးဆော်ခဲ့ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။

ရန်ကုန်မြို့ရဲ့ လူစည်ကားရာ နေရာတွေဖြစ်တဲ့ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ လသာ၊ လမ်းမတော်၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗဟိုလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပြည်လမ်းတို့မှာ မဏ္ဍပ်တွေမရှိသလို ရေကစား‌သူတွေ မရှိတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် နှစ်စဉ် သင်္ကြန်ရောက်တိုင်း ပြုလုပ်လေ့ရှိတဲ့ စတုဒိသာ ကျွေးမွေးတာတွေက အနည်းငယ်သာရှိပေမဲ့ အရင်တုန်းကလိုတော့ စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်တော့ပါဘူး။

ပြည်သူ့ရင်ပြင်ရှေ့က မဏ္ဍပ်မှာ ဒီနေ့မနက်ပိုင်း ရေပက်ခံသူမရှိလို့ အသားလွတ် ရေးတွေဖျန်းနေတာ တွေ့ရပါတယ်။

အဲဒီမဏ္ဍပ်အနီးတဝိုက်မှာ စစ်သားနဲ့ ရဲတွေက ဖြတ်သွားဖြတ်လာ ကားတွေကို စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပေးကာ လုံခြုံရေး တင်းကျပ်ထားပါတယ်။

ရန်ကုန်မြို့လယ်က မြို့တော်ဝန်မဏ္ဍပ်နဲ့ ဘားလမ်းက လမ်းလျှောက်သင်္ကြန်တွေမှာလည်း ပြည်သူပါဝင်မှု မရှိသလောက် နည်းပါးတာကို တွေ့ရပါတယ်။

ဆူးလေဘုရားလမ်းမီးပွိုင့်၊ မဟာဗန္ဓုလလမ်းမီးပွိုင့်၊ ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလ မီးပွိုင့်လမ်းဆုံ နေရာတွေကိုလည်း ယာဉ်ဖြတ်သန်းသွားလာခွင့် မပြုဘဲ အတားအဆီးတွေနဲ့ ပိတ်ထားသလို လမ်းလျှောက် ဖြတ်သန်းသွားလာသူတွေကိုလည်း လုံခြုံရေးတွေက စောင့်ကြည့် စစ်ဆေးနေပါတယ်။

ဒီကနေ့ သင်္ကြန်အကြိုနေ့ မနက်မှာ မြို့ပေါ်နဲ့ ဆင်ခြေဖုံးမြို့နယ်တွေ အပါအဝင် ရန်ကုန်တမြို့လုံးလိုလိုမှာ ပြည်သူတွေ ပျော်ရွှင်စွာ သင်္ကြန်ရေဆော့ကစားတာ မမြင်တွေ့ရပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024