ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာနဲ့ တဝန်ဖန်ကျေးရွာကြား (ဘားအံ-မြိုင်ကြီးငူ ကားလမ်း)မှာ တံတား ၁ စင်း ဧပြီ ၁၁ ရက် ညနေ ၅ နာရီလောက် မိုင်းခွဲခံရတဲ့အတွက် တံတားပြိုကျ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဘားအံ-မြိုင်ကြီးငူ ကားလမ်းကို အသုံးပြုပြီး စစ်ယာဉ်တန်း ၆ စီးဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ တပ်မဟာ ၅ နယ်မြေအတွင်းက ရှေ့တန်းစခန်းတွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ဆောင်ပြီး ဘားအံဘက်ကနေ အမည်မသိလက်နက်ကိုင်အဖွဲ့က အခုလို ဖောက်ခွဲဖျက်ဆီးလိုက်တာပါ။
တဝန်ဖန်ကျေးရွာသားတဦးက “ဗုံးပေါက်သံက ရွာကနေ အကျယ်ကြီး ကြားရတယ်။ စစ်ယာဉ်တန်းတွေ ဖြတ်သန်းပြီးလောက်မှာ ဗုံးကွဲတော့ ကားတွေ ထိခိုက်တာမရှိဘူး။ အခုနောက်ပိုင်း ဒီလမ်းကြောင်းကို စစ်တပ်က အသုံးပြုလာတာ များတယ်။ တံတားကတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကွဲမှုဖြစ်ပွားပြီးနောက် စစ်ယာဉ်တန်းပေါ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဖမ်းဆီးစစ်ဆေးမှာကို ဒေသခံတွေဟာ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လက ပေါ့ထော်ကျေးရွာမှာ မိုင်တဲဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရတဲ့အတွက် စစ်ကောင်စီတပ်နဲ့ရဲတွေက ဒေသခံတချို့ကို ဖမ်းဆီးခဲ့သလို နောင်ကမြိုင်ကျေးရွာလမ်းမှာ ဖြတ်သန်းသွားလာသူတွေနဲ့ ယာဉ်တွေကို တားဆီးစစ်ဆေးနေတာလို့ သိရပါတယ်။
စစ်ကောင်စီက သံလွင်အရှေ့ခြမ်း ဘားအံ-ဝါးဘိုးတော-ဖာပွန် လမ်းကြောင်းကို အသုံးပြုသွားလာရာမှာ တပ်မဟာ ၁၊ တပ်မဟာ ၅ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် အခုနောက်ပိုင်း ဘားအံ-မြိုင်ကြီးငူလမ်းကြောင်းကို ပြောင်းလဲအသုံးပြုလာတာပါ။
Photo-CJ