ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ၁ စီး မီးလောင်သွားတယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ K.D.D.F တပ်က ဒီဗွီဘီ ကိုပြောပါတယ်။
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ရန်ကုန် - မန္တလေး အမြန်လမ်း အတိုင်းမောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဧပြီလ ၁၁ ရက် ဒီနေ့ မနက် ၇ နာရီ ဝန်းကျင်က မိုင်တိုင် ၃၃၇ မိုင် ၁ ဖာလုံ အရောက်မှာ ကားမိုင်း ၈ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ K.D.D.F တာဝန်ရှိသူ တစ်ဦးကပြောတယ်။
"လူထိခိုက်မှုတော့ မသိရသေးပါဘူး။ ကားတစ်စီးတော့ ဆီအိုးထိပြီးမီးလောင်သွားတယ်။” ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီတပ်တွေအနီးနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေအနီးနားကို မသွားကြဖို့ ဒေသခံကာကွယ်ရေးတပ်တွေက မေတ္တာရပ်ခံထားပါတယ်။