ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ သာစည်ကျေးရွာမှာ ဒေသခံတယောက်ရဲ့နေအိမ်ကို ဧပြီ ၁၀ ရက်မှာ အမည်မသိလူတစုက ဓားပြတိုက်သွားလို့ ရွှေနဲ့ငွေ စုစုပေါင်း ကျပ်သိန်း ၂၅၀ ဖိုးလောက် ပါသွားတယ်လို့ နယ်မြေရဲစခန်းနဲ့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ည ၉ နာရီကျော်လောက်မှာ အမည်မသိ အမျိုးသား ၆ ယောက်က မျက်နှာဖုံးအနက်တွေနဲ့ ဦးမောင်စိုးအိမ် အနောက်ဖေးကနေ သေနတ်တချက်ဖောက်ကာ စစ်ဆေးစရာရှိလို့ဆိုပြီး တံခါးကို ဖွင့်ခိုင်းပြီး ဝင်လာတာဖြစ်ပါတယ်။
အိမ်ထဲရောက်တော့ မိသားစုဝင် အားလုံးကို ဒူးထောက်ထိုင်ခိုင်းပြီး အိမ်ခန်းထဲက သေတ္တာတွေထဲကနေ ရွှေထည်ပစ္စည်း လက်ဝတ်လက်စား ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၅၀ ဖိုးခန့် ၊ ငွေသား ၅၀၀၀၀ ကျပ်နဲ့ ဖုံး ၂ လုံးကို ယူဆောင်ပြီး သေနပ်ပစ်ဖောက်ကာ တောထဲဘက်ကို ဝင်သွားတယ်လို့ နတ်တလင်းရဲစခန်းမှတ်တမ်းအရ သိရပါတယ်။
ဒေသခံတဦးက “ညက ၉ နာရီကျော်လောက်က အမည်မသိအမျိုးသားတစုက သေနတ်တွေ၊ ဓားတွေနဲ့ ဦးမောင်စိုး အိမ်ကို လာပြီးသေနတ်ထောက်ပြီး တောင်းတာ။ အိမ်ကဘယ်သူမှ အိပ်သေးတာ မဟုတ်ဘူး။ အိမ်မှာက ယောကျ်ားသားတွေလည်း ရှိတဲ့အိမ်ကို လာတိုက်ရဲတာ၊ ရွှေတွေ ငွေတွေ စုစုပေါင်း သိန်း ၂၅၀ ကျော် လောက်ပါသွားတယ်ပြောတာပဲ။ သေနတ်လည်း ဖောက်သေးတယ်”လို့ပြောပါတယ်။
အဆိုပါကျေးရွာက စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ညအိပ်ခရီးထွက်နေစဉ် ဓားပြမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားပြမှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး သေနတ်ပစ်ခတ်ခဲ့ရာ ရွာသား တယောက်ကို ဖမ်းသွားတယ်လို့ သိရပါတယ်။
ရွာသားဒေသခံတယောက်က “အဲဒီညကဖြစ်ချင်တော့ ရွာကအုပ်ကြီးက သူ့နှမ အလှူရှိတဲ့ စံကြီးလောင့်ကျေးရွာကို သွားနေတာ။ သူ့ကိုလှမ်းပြီး ဖုန်းဆက်ခေါ်ရတာ၊ အဲ့တော့မှ သူက စစ်ကောင်စီတပ်သားတွေ ခေါ်ပြီး ရွာထဲကိုရောက်လာပြီး သေနတ်နဲ့ လျှောက်ပစ်တာ၊ အချက်ပေါင်းများစွာပဲ။ ပြီးတော့ ဒေသခံ ရွာသားတယောက်ကို ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်
ဓားပြလာတိုက်သူ ၆ ယောက်မှာ သေနတ်က ၃ လက် ၊ဓား ၃ ချောင်းပါပြီး အိမ်ရှင်ဦးမောင်စိုးကိုလည်း ရိုက်နှက်ခဲ့ပါတယ်။
အဲဒီ ဓားပြမှုကို ကာယကံရှင် ဦးမောင်စိုးက တရားလိုပြုလုပ်ပြီး တောင်ညိုရဲစခန်းမှာ (ပ)၁၇/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ ၃၉၅ နဲ့ အမှုဖွင့်ထားတယ်လို့ တောင်ညိုရဲစခန်းကနေ သိရပါတယ်။