တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ခြိမ်းခြောက်စာထုတ်တဲ့ ထိုင်းနိုင်ငံရှိ ဘန်ကောက် မြန်မာသံရုံးကို ထိုင်းရောက်မြန်မာလုပ်သားတွေက ဧပြီ ၁၀ ရက်နေ့ မနက် ၁၀ နာရီလောက် သွားရောက် ဆန္ဒပြ စာကပ်ခဲ့ကြပါတယ်။
မြန်မာအလုပ်သမားတွေက “ထိုင်းသံရုံးလည်း တိရစ္ဆာန်ရုံနဲ့ တူနေပြီ၊ ငြိစွန်းရုံသာမက တက်ချိတ်နေပါစေ၊ ဆက်တော်လှန်မယ်၊ ဘောမ သံရုံး” စတဲ့ သံရုံးကို ဆန့်ကျင်ကြောင်း စာ တွေကပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဟာ ဧပြီလ ၈ ရက်နေ့က ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာ၊ အဆိုပါအဖွဲ့အစည်းတွေကို ပံ့ပိုးဖို့ ရန်ပုံငွေပွဲတွေ ပြုလုပ်တာနဲ့ တဦးဖြစ်စေ အဖွဲ့အစည်းနဲ့ဖြစ်စေ အတင်းအဓမ္မငွေကြေးကောက်ခံတာတွေ မပြုလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အဖွဲ့အစည်းတွေကို ဆက်လက်ထောက်ခံအားပေးတဲ့ အပြုအမူတွေ လုပ်ဆောင်နေမယ်ဆိုရင် ကျူးလွန်သူတွေဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းမယ်လို့ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးတဦးက “ကျမတို့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဖမ်းဆီးပြီး စစ်ခေါင်းဆောင်တွေက မတရား အာဏာသိမ်းခဲ့တာပါ။ ဒီ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မြန်မာပြည်အတွင်းက ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေတာကို လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ တော်လှန်ရေးအောင်မြင်ဖို့အတွက် ပြည်ပကနေ ပံ့ပိုးထောက်ပံ့နေတာကို မြန်မာသံရုံးက အခုလို ခြိမ်းခြောက်စာ ထုတ်ပြန်တာကို မကျေနပ်လို့ စာကပ်ဆန္ဒပြတာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။