Home
မြန်မာသတင်း
တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းဖြစ်စေရန် မြန်မာပြည်ရှိ နိုင်ငံခြားကုမ္ပဏီများကို တိုက်တွန်း
DVB
·
April 9, 2022
277579175_3290938271137337_6981849400262471203_n

မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ တည်ဆဲဥပဒေသာမက နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လုံခြုံပြီး သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေဖန်တီးပေးကာ တာဝန်သိသိနဲ့ လုပ်ဆောင်ဖို့က အလွန်ပဲအရေးကြီးတယ်လို့  မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန MCRB က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီတွေရဲ့လုပ်ငန်း ဆောင်ရွက်မှုတွေကို စိစစ်သုံးသပ်ပြီး တွေ့ရှိချက်တွေအပေါ်အခြေခံကာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းဖြစ်စေဖို့ လိုအပ်တဲ့ အဓိကအချက်တွေကို ပံ့ပိုးပေးနိုင်ဖို့ရည်ရွယ်တဲ့ အွန်လိုင်းဆွေးနွေးပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့ပြီးနောက်  ဧပြီ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာရာမှာ ပြောကြားထားတာပါ။

အခုလိုစိန်ခေါ်မှုများတဲ့အချိန်မှာ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ ဒေသခံ လူထုတွေနဲ့ ချိတ်ဆက်မှုတွေမှာ ပိုမိုအားကောင်းလာစေဖို့၊ ဧရိယာအတွင်းနေထိုင်ကြသူတွေ အထူးသဖြင့် လူငယ်တွေနဲ့ အားနည်းချက်ရှိသောသူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုနဲ့ အလားအလာတွေကို ပံ့ပိုးပေးနိုင်ဖို့ အတွက် လက်တွဲလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း  မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနတာဝန်ရှိသူက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ အထူးဧည့်သည်တော်အဖြစ် တက်ရောက်တဲ့ MCRB ရဲ့ ဒါရိုက်တာ   ဗစ်ကီဘိုးမန်းက သီလဝါအထူးစီးပွားရေးဇုန်မှ ရင်းနှီးမြှပ်နှံသူတွေအနေနဲ့ သူတို့ရဲ့  တာဝန်ဝတ္တရားတွေဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အပြည့်အဝကိုက်ညီထားပေမဲ့ ထပ်မံ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကိုလည်း အကြံပြုဆွေးနွေးခဲ့ပါတယ်။ 

ဆွေးနွေးကို ဦးဆောင်စီစဉ်တဲ့ မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးတိုးတက်ရေးလိမီတက်တာဝန်ရှိသူကတော့  "ကျနော်တို့ရဲ့လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ စတင်လည်ပတ်ကတည်းက ကျင့်ဝတ်နဲ့အညီ တာဝန်သိသိနဲ့ လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ တာဝန်သိပြီး ရေရှည်တည်တံ့တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက် လုပ်ငန်းလည်ပတ်မှုတလျှောက်လုံး  လူ့အခွင့်အရေးကို လေးစား လိုက်နာခြင်းဟာ အရေးကြီးတယ်ဆိုတာကို အပြည့်အဝလက်ခံယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ရင်းနှီးမြှုပ်နှံ့သူတွေအနေနဲ့ UN Global Compact ရဲ့အခြေခံမူ ၁ဝ ချက်နဲ့အညီ လမ်းညွှန်ချက်တွေကို မပျက်မကွက်လိုက်နာဆောင်ရွက်ပြီး stakeholder တွေနဲ့ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ လုပ်ငန်းဖြစ်စေဖို့ ကတိပြုထားခဲ့ပြီးဖြစ်တယ်လို့လည်း မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးတိုးတက်ရေးလိမီတက်တာဝန်ရှိသူက ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေးလိမီတက်က တာဝန်ရှိသူတွေအပါအဝင် သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှပ်နှံထားတဲ့ ကုမ္ပဏီ  ၈၄ ခုက တာဝန်ရှိသူတွေတက်ရောက် ခဲ့ပါတယ်။

မြန်မာ-ဂျပန် နှစ်နိုင်ငံအကျိူးတူ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ ရန်ကုန်တဖက်ကမ်းရှိ သီလဝါအထူးစီးပွားရေးဇုန်မှာ စက်ရုံတွေရဲ့  ၉၀ ရာခိုင်နှုန်းလောက် လည်ပတ်နေပြီး မြန်မာပြည်သူတွေအတွက် အလုပ်အကိုင်ပေါင်း ၁၃,၅ဝဝ ကျော်ကို ပေးထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024