‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေ ပြင်းထန်နေပြီး လူနာတွေကို ကုသပေးဖို့ ဆေးဘက်ဆိုင်ရာဝန်ထမ်း လုံလောက်မှုမရှိလို့ စေတနာ့ဝန်ထမ်းတွေကို ‘ဝ’ပြည်နယ်ကျန်းမာရေးဌာနက အရေးပေါ် ခေါ်ယူနေပါတယ်။
အသွင်ပြောင်း ကိုဗစ်-၁၉ ရောဂါဟာ အလွန်ပြင်းထန်ပြီး ပန်ခမ်းမြို့ရဲ့ လုပ်ငန်းအသီးသီး၊ နေရာတိုင်း၊ ကျေးရွာတွေကိုပါ ကူးစက်ခံနေရကြောင်းနဲ့ ကူးစက်ခံရတဲ့ အတည်ပြုလူနာမှာလည်း နေ့စဥ်တိုးမြင့်နေပြီး မတ်လ ၂၆ ရက်မှ ဒီနေ့ ဧပြီ ၅ ရက် အထိ ပန်ခမ်းမြို့အတွင်း ရောဂါ ကူးစက်ခံရသူ ၁၅၀၀ ကျော်ရှိနေပြီလို့ "ဝ"ပြည်နယ် ကျန်းမာရေးဌာန ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိ ပန်ခမ်းမြို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ လုံလောက်မှုမရှိလို့ လူနာတွေကို ကုသဖို့ အခက်အခဲကြုံတွေ့နေရကာ ကြာရှည် ကာကွယ်ကုသရေး လုပ်ငန်းဆောင်ရွက်နေရတာကြောင့် လက်ရှိ ဆေးဝန်ထမ်းတွေလည်း အလွန်ပင်ပန်းနွမ်းနယ်နေကြတယ်လို့ ဆိုပါတယ်။
ပန်ခမ်းမြို့ရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ ပါဝင်ကူညီလိုတဲ့ စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်လိုက်ပြီး ပါဝင်ကူညီလိုတဲ့ စေတနာ့ဝန်ထမ်းတွေ ကျန်းမာရေးဌာနကို စာရင်းပေးသွင်းနိုင်တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ဖြစ်ပွားနေမှုကို ထိထိရောက်ရောက် တားဆီးကာကွယ်ဖို့ ပန်ခမ်းမြို့ကို မတ်လ ၂၅ ရက်မှ ဧပြီ ၈ ရက်အထိ သီတင်း ၂ ပတ်ကြာ Lockdown ချထားသလို တမြို့လုံးမှာ အာခေါင်တို့ဖတ် စစ်ဆေးနေပါတယ်။
Photo- WSTV