Home
ဆောင်းပါး
မြန်မာ့နိုင်ငံရေးနဲ့ ပီအာအရေးတော်ပုံ
DVB
·
April 5, 2022
nldusdptatmadaw copy

လူအတော်များများကတော့ ကိုယ်က အသာစီးရနေချိန်နဲ့ လက်ညွှန်ရာ ရေဖြစ်နေချိန်မှာတော့ လူထုအတွက် တရားမျှတခြင်း (Justice)၊ ညီမျှခြင်း (Equality) ဆိုတဲ့ လူ့အခွင့်အရေးတွေကို လျစ်လျူရှုတတ်ကြတယ်။ ကိုယ်က ရှုံးနိမ့်သွားချိန်၊ ကျဆုံးချိန်ရောက်လာပြီဆိုရင် တရားမျှတမှုနဲ့ ညီမျှခြင်းဆိုတဲ့ အသံတွေ ဆူညံအောင် ဟစ်အော် တောင်းဆိုလာတတ်ကြတာဟာ လူဖျင်း လူညံ့တို့ရဲ့ မတည်ငြိမ်လေ့ရှိတဲ့ အကျင့်စရိုက်ဆိုးတခုလို့ ဆိုရမယ် ထင်ပါတယ်။ အဖြောင့်စိတ် ကင်းမဲ့တဲ့ လူလိမ် လူညစ်တို့ရဲ့ ကောက်ကျစ်တဲ့ အကျင့်ဆိုးပဲ ဖြစ်မှာပါ။

သာဓကတခုအနေနဲ့ကြည့်ရင် အာဏာလုစစ်အုပ်စုက ခန့်ထားခဲ့တဲ့  ရွေးကောက်ပွဲကော်မရှင် အသစ်ဟာ ‘ပါတီတွေရဲ့ ညီမျှမှုနဲ့ တရားမျှတဖို့အတွက်’ ဆိုတဲ့ အသံကောင်းဟစ်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ကို ‘ပီအာ’စနစ်နဲ့ အစားထိုးသွားမယ်လို့ ဆိုလာပါတယ်။ ဒီတော့ မြန်မာလူထုနဲ့ မရင်းနှီးသေးတဲ့ ‘ပီအာ’ ဆိုတာ ဘာလဲ။ ဘာကြောင့် ‘ပီအာ’ စနစ်ကို စစ်အုပ်စုက လိုလား တောင်းဆိုနေသလဲ။ ပီအာစနစ်ကို လောလောလတ်လတ် မြန်မာပြည်မှာ ကျင့်သုံးသင့်သလား ဆိုတာတွေကို သုံးသပ်ကြည့်ဖို့ လိုမယ်။ ဒီအခြေအနေ ဖြစ်လာတဲ့ နောက်ကြောင်းပြန်ကြည့်ရအောင်။

မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲနဲ့ တကျော့ပြန်ထိတွေ့ခွင့်ရတာဟာ ၂၀၁၀ ရွေးကောက်ပွဲဟာ ပထမအကြိမ် ပြန်လည်မဲပေးရခြင်းပါပဲ။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးကတည်းက ပါတီတွေ ဖျက်သိမ်းခြင်း ခံခဲ့ရတယ်။ ပါတီစုံဒီမိုကရေစီလည်း ပျက်သုဉ်းသွားခဲ့တယ်။ အဲဒီအချိန်ထဲက မြန်မာပြည်သူတွေဟာ စစ်မှန်တဲ့ ဆန္ဒနဲ့ မဲပေးခွင့် ဆုံးရှုံးခဲ့တယ်။ သာဓကပြရရင် ၁၉၆၂ ကနေ ၁၉၈၈ အထိပေါ့။ ၁၉၉၀ မှာ တကြိမ် ထပ်ပေါ်လာတယ်။ အဲဒီမှာလည်း အာဏာအပ်နှင်းခြင်းမရှိဘဲ စစ်တပ်က ဆက်လက်အုပ်ချုပ်ခဲ့တာ ၂၀၁၀ ပြည့်နှစ်အထိ။ အနှစ်  အတန်ကြာပြီး ၂၀၁၀ ရောက်မှ တကျော့ပြန် ရွေးကောက်ပွဲ ပြန်လည်စတင်ခဲ့တယ်။

၂၀၁၀ ရွေးကောက်ပွဲသည်ပင် စစ်မှန်တဲ့ပါတီစုံ မဖြစ်ခဲ့ဘူးလို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။ အဲဒီရွေးကောက်ပွဲမှာ လူကြိုက်များတဲ့ ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’က ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီရွေးကောက်ပွဲမှာ ‘စစ်တပ်ပါတီ’ လို့ လူသိများတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲအများဆုံးရရှိပြီး အစိုးရတရပ် ဖွဲ့နိုင်ခဲ့တယ်။ အဲဒီအချိန်က ရွေးကောက်ပွဲစနစ်ဟာ FPTP လို့ခေါ်တဲ့ “မဲအများဆုံးရသူ အနိုင်ယူ’စနစ် ဖြစ်ခဲ့တယ်။  ဒီချိန်အထိတော့ မြန်မာ့ရွေးကောက်ပွဲစနစ်ဟာ ဘာပြဿနာမှ မရှိသေးပါဘူး။

၂၀၁၁ ခုနှစ်ထဲမှာတော့ ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာခဲ့တယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကျင်းပရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တယ်။ အဲဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၃၄ နေရာလုံး အနိုင်ရခဲ့တယ်။ အဲဒီမှာ ရွေးကောက်ပွဲစနစ်အပေါ် စစ်အုပ်စုနဲ့သူ့လက်ကိုင်တုတ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့အပေါင်းပါအဖွဲ့တွေ ခေါင်းချင်ဆိုင်ပြီး ‘လူဆိုးတွေနဲ့မောင်တိုင်ပင်’ လုပ်လာကြတော့တာပဲ။

စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ လူထုဆန္ဒအစစ်အမှန်အရ မဲရှုံးခဲ့တယ်။ စစ်တပ်နိုင်ငံရေးက မထွက်ခွာရအောင် ရွေးကောက်ပွဲစနစ်ကိုပြောင်းလဲပစ်ဖို့လိုမယ်လို့ သုံးသပ်ကြတယ်။ အရင်က ရွေးကောက်ပွဲစနစ်ကြောင့် စစ်တပ်ကြီးစိုးလွှမ်းမိုးချုပ်ကိုင်ရေးဟာ အချိန်မရွေး ပျက်သွားနိုင်တယ်။ ဒါကြောင့် စစ်တပ်ကနိုင်ငံရေးကို ချယ်လှယ်နိုင်ဖို့အတွက် ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ တနိုင်ငံလုံးစစ်ကျွန်ပြုနိုင်ရေးအတွက် တိတ်တဆိတ်ကြိတ်ဝိုင်း ဆွေးနွေးမှုတွေကို တပ်မတော်ထိပ်ပိုင်းအုပ်စုတွေနဲ့ ကြံ့ဖွံ့ထိပ်ပိုင်းအုပ်စုတွေက စတင်ပြုလုပ်လာခဲ့ကြတော့တယ်။

၂၀၁၅ ရွေးကောက်ပွဲနီးလာလေလေ စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ စိုးရိမ်စိတ်ကြီးလာလေလေ ဖြစ်လာခဲ့တယ်။ တပ်မတော်က ရွေးကောက်ပွဲဝင်ရောက်စရာမလိုပဲ ကိုယ်စားလှယ်၂၅ % ရရှိနေတာတောင် တပ်မတော်ရဲ့ စိုးရိမ်စိတ်ဟာ အလွန်ကြီးမားလာခဲ့တယ်။ ဒီမှာဘဲ ‘စစ်တပ် ရဲ့လောဘ’ကိုလူထုအနေနဲ့ မြင်တွေ့ခွင့်ရသွားခဲ့တယ်။ ဒီကိစ္စဟာ တပ်တွင်းနဲ့တပ်မတော်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကြားမှာသာမက လူထုဆန္ဒမဲနဲ့ရွေးချယ်နေသရွေ့ အချောင်အာဏာမရနိုင်တဲ့ ‘ဗြုတ်စဖျင်းတောင်းပါတီ’ တွေကြားမှာလည်း  တုန်လှုပ်ချောက်ချားလာခဲ့ကြတယ်။

အရပ်ဘက်ပါတီတချို့ အခြေအနေကြည့်တော့လည်း ပါတီရန်ပုံငွေအခက်အခဲကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ငွေကြေးပံ့ပိုးမှုကို ရယူရတဲ့အခြေအနေတွေဖြစ်လာတယ်။  ဗြုတ်စဖျင်းတောင်းပါတီအများစုဟာ ယုံကြည်ချက်မဲ့စွာ ပါတီကို ငွေနဲ့ ရောင်းစားတဲ့အဖွဲ့အစည်းတွေ ဖြစ်လာတယ်။ တရားသောနည်းနဲ့ အာဏာမရနိုင်တဲ့အဆုံး အာဏာကို အချောင်ရလိုရငြား စစ်တပ်စေခိုင်းရာ  စစ်ကျွန်ပါတီဘဝကို သိက္ခာမဲ့စွာ လက်ခံပူးပေါင်းလိုက်ကြတော့တယ်။

ဒီလိုနဲ့ ၂၀၁၄ ခု၊ ဇွန်လ ၃ ရက်နေ့ ကြံ့ခိုင်ဖွံ့ဖြိုးရေပါတီကြီးစိုးတဲ့ အမျိုးသားလွှတ်တော် ပထမအကြိမ်စည်းဝေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီအဖြစ်ထူထောင်ခဲ့တဲ့ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနဲ့ ဦးသိန်းညွန့်တို့ ဦးဆောင်တဲ့ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ‘ရွေးကောက်ပွဲစနစ်မှာ ပီအာစနစ်ကို ပြောင်းလဲကျင့်သုံးဖို့’ အဆိုကိုတင်လိုက်တယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်ဦးဇင်အောင်က ‘ပီအာစနစ်ကျင့်သုံးဖို့’ အဆိုကို တပြိုင်တည်းတင်သွင်းခဲ့တယ်။ လွှတ်တော်နှစ်ရပ်လုံးမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ကပဲ ဦးဆောင်တင်သွင်းခဲ့တာ ကိုတွေ့လာရတယ်။

အဲ့ဒီအဆိုကို ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်ခင်သန္တာကလည်း ကန့်ကွက်ခဲ့သလို မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း “လွှတ်တော်ထဲမှာ တပ်မတော်သား ၅ ရာနှုန်းရှိနေတဲ့အတွက် မကျင့်သုံးသင့်ဘူး”လို့ထောက်ပြခဲ့တယ်။ စစ်တပ်ကိုယ်စားလှယ်တဦးကလည်း ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ တပ်မတော်ကိုယ်စား လှယ်ကဆွေနွေးရာမှာ “ပီအာ’ကြောင့် မဲအပြတ်အသတ်နိုင်တဲ့ ပါတီမရှိတော့ဘဲ ညွန့်ပေါင်းအစိုးရဖြစ်လာရင် ပါတီတွေအားပြိုင်မှုဖြစ်လာပြီး အာဏာသိမ်းမှုတွေအထိဖြစ်လာမှာကို သတိထားဖို့လို ကြောင်းဆွေးနွေခဲ့တယ်”လို့ ဘီဘီစီသတင်းမှာ ဖေါ်ပြခဲ့တယ်။

အဲ့ဒီကာလ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ သူရဦးရွှေမန်းက “၇၅ % ပဲ ပြည်သူက ရွေးချယ်လို့ရတဲ့အခြေနေမှာ ‘ပီအာစနစ်’ကို ကျင့်သုံးမယ်ဆိုရင် အချုပ်အခြာအာဏာဟာ ပြည်သူ့ထံကဆင်းသက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို မှေးမှိန်ရာရောက်သွားမယ်’လို့ သူရဦးရွှေမန်က ပြောခဲ့တယ်လို့ဆိုပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ ပီအာစနစ်ကို အတည်ပြုခဲ့ပါသေးတယ်။ ဒါပေမဲ့ ပီအာစနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ‘ဥပဒေအချင်းချင်း ပဋိပက္ခ’ ဖြစ်မဖြစ်၊ ကိုက်ညီမှုရှိမရှိကိုတော့ အဲ့ဒီအချိန်အထိ “ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး”ရဲ့ အကြံပြုချက်တောင်းခံထားခြင်းတော့ မရှိသေးဘူး။

၂၀၁၄ ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်အနေနဲ့ ‘မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်ရေး လေ့လာသုံးသပ်ရေးကော်မရှင်’ကို ဖွဲ့စည်းပေးခဲ့တယ်။ အဲဒီကော်မရှင်က ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ အစီရင်ခံစာကို တင်သွင်းခဲ့တယ်။ အဲဒီအစီရင်ခံစာမှာ ‘ပီအာစနစ်ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ ညီ၊ မညီကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို မေးခဲ့ကြောင်း။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ပြန်လည်အကြောင်းကြားရာတွင် ပီအာ စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိကြောင်း အကြောင်းပြန်ခဲ့တယ်”လို့ အစီရင်ခံစာမှာ တင်ပြထားပါတယ်။ အဲဒီနောက် ၂၀၁၆ နဲ့ ၂၀၂၀ ပြည့်နှစ်အထိ ‘ပီအာ’စနစ် အကြောင်း ပြောသံတွေ တိတ်ဆိတ်သွားခဲ့ပါတော့တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့ နောက်မှာတော့ တကျော့ပြန် ‘ပီအာ’သံတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ “ဗိုလ်မင်းအောင်လှိုင် အပါအဝင် စစ်တပ်အကြီးအကဲတွေအနေနဲ့လည်း လူထုဆန္ဒမဲနဲ့သာ ဆိုရင် ဘယ်လိုမှ သမ္မတ မဖြစ်နိုင်သလို “ဗြုတ်စဖျင်းတောင်း အလေဏတောပါတီ” (Catch All Party) တွေအနေနဲ့ကလည်း လူထုဆန္ဒစစ်အမှန်နဲ့ဆိုရင် လွှတ်တော်မှာ အခုလို လူရာဝင်ခွင့်မရနိုင်တော့တဲ့အတွက် “ပီအာ” လို့ခေါ်တဲ့ “အချိုးကျကိုယ်စားလှယ်စနစ်”ကို တင်သွင်းလာခဲ့ကြပါတော့တယ်။ တကယ်တော့ ပီအာစနစ်ကို ဗိုလ်သိန်းစိန်ကာလကတည်းက စစ်တပ်က ကြိုတင်စီစဉ်ခဲ့ဟန် ရှိပါတယ်။”လို့ တချို့သော လေ့လာသုံးသပ်သူတွေက ဝေဖန်ပြောဆိုခဲ့ကြတယ်။

အခု ဖော်ပြခဲ့တာတွေက ‘ပီအာ’ဟာ  ဘယ်လိုအကြောင်းပေါ် အစပြုပြီး ပေါ်လာခဲ့တယ် ဆိုတာကို ပြောပြခဲ့တာ။ အခုချိန်မှာတော့ အာဏာလုစစ်တပ်က ပီအာစနစ်နဲ့ ရွေးကောက်ပွဲအသစ် ပြန်လုပ်ဖို့ စိုင်းပြင်းနေပါတယ်။ ဒါဟာ ဗမာပြည်တွင်းရှိ ပြည်သူလူထုကို နှစ် ၇၀ ကျော် စစ်ကျွန်ပြုခဲ့တာတင် အားမရဘဲ နောင်နှစ်ပေါင်းများစွာ စစ်ကျွန်ပြုဖို့ ထပ်မံ စိုင်းပြင်းလာတာ ဖြစ်တယ်။

တကယ်တော့ အာဏာလုစစ်တပ်နဲ့ သူ့ငယ်ကျွန် ‘ဗြုတ်စဖျင်းတောင်း အလေဏတောပါတီ’တွေရဲ့ ကြံရွယ်ချက်မှာ တချက်ခုတ် နှစ်ချက်ပြတ် လုပ်မယ့် ရည်ရွယ်ချက် ဖြစ်ပါတယ်။ ပထမတချက်ကတော့ တနိုင်ငံလုံးကို နောင်လာမယ့်နှစ်ပေါင်းများစွာ စစ်ကျွန်လုပ်ရေး ဖြစ်တယ်။ ဒုတိယအချက်ကတော့ ရွေးကောက်ပွဲအသစ်က ရလာတဲ့သူတွေနဲ့ အာဏာလုစစ်အုပ်စုအတွက် တရားဝင်မှု (Legitimacy) ရရှိရေးကို ‘ကျွဲကူးရေပါ’လုပ်ဖို့ ဖြစ်တယ်။

ဗိုလ်မင်းအောင်လှိုင်တို့ အာဏာလုစစ်အုပ်စုဟာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ စစ်တပ်က ပေးကျွေးထားတဲ့ ထောက်ပံ့ခံ ‘ဗြုတ်စဖျင်းတောင်း အလေဏတောပါတီ’ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်လိုက်ရင် သမ္မတဟာ စစ်တပ်ကပဲ ဖြစ်လာမယ်လို့ တွက်ချက်ပြီး ပီအာစနစ်ကို ပြောင်းလဲဖို့ လုပ်ဆောင်လိုက်ခြင်းပါပဲ။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လုပ်ဆောင်မှုတရပ်သာ ဖြစ်တယ်။ ဒါကို အမျိုးကောင်းသားသမီးတွေအနေနဲ့ လက်ခံလို့ မဖြစ်ဘူး။ စစ်တပ် လိုချင်တဲ့ စစ်ကျွန်ပြုရေးစီမံကိန်းကို ရတဲ့နည်းနဲ့ တိုက်ဖျက်ကြရမှာ ဖြစ်တယ်။

ဗိုလ်သန်းရွှေလက်ထက် အမျိုးသားညီလာခံမလုပ်မီ ကြိုတင်ပြင်ဆင်ကတည်းက ခြေ/ဥပုဒ်မ အချက် ၆-စ ဖြစ်တဲ့ “တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်စေရမည်” ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့တယ်။ ဒီအချက်ကို လက်မခံတဲ့ ညီလာခံ ကိုယ်စားလှယ်တွေကို ဖမ်းဆီး ထောင်ချခဲ့တယ်။ ဒီအချက်ထည့်ကတည်းက စစ်တပ်ဟာ အရပ်သားနိုင်ငံရေးကို အသေသတ်ဖို့ ကြံရွယ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေတွေ့ဆုံခန်းမှာ ပြောခဲ့ဖူးပါတယ်။

အားလုံးကိုခြုံပြီးပြောရရင် ခြေ/ဥရဲ့ အချက်၆-စ ၊ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ ဒါ့အပြင် ဒုသမ္မတအဖြစ် တပ်မတော်က ခန့်အပ်သူ တယောက်၊ အစိုးရအုပ်ချုပ်ရေးအဆင့်ဆင့်မှာ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွေမှာလည်း နေရာယူထားတယ်။

အခုလည်း လူထုထောက်ခံမှုအရ ဘယ်လိုမှ လွှတ်တော်ထဲ ရောက်နိုင်ဖို့ အခွင့်အလမ်းမရှိတဲ့ ဗြုတ်စဖျင်းတောင်း အလေဏတောပါတီ (Catch-All Party) တွေနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲစနစ်ကို ပီအာလို့ ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲအသစ် လုပ်ပြီး စစ်ကျွန်အဖြစ် ဇာတ်သွင်းဖို့ ကြိုးစားနေတယ်။ အရပ်သားနိုင်ငံရေးဟာ စစ်တပ်က ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ မဝေဖန်နဲ့ဆိုတဲ့ စစ်ကျွန်ဘဝမှာ နေကြမလား။

ဒါကြောင့် အရပ်ဘက်နိုင်ငံရေးပါတီများအနေနဲ့ “စစ်ကျွန်ဘဝမှာ ရှည်ကြာစွာ ကျွန်ခံမလား။ ပေးတာယူ ကျွေးတာစား ဘဝနဲ့ လက်ဝေခံကျွန်သဘောက်အဖြစ် နေရင်း အရပ်သားနိုင်ငံရေးကို အသေသတ်ခံမလား”။ ဒါမှမဟုတ် အာဏာလုစစ်အုပ်စုရဲ့ ရွေးကောက်ပွဲစနစ်နဲ့ ရွေးကောက်ပွဲ လုပ်ပေးခြင်းကို တော်လှန် ငြင်းဆန်ကြမလားဆိုတာ ရဲရဲဆုံးဖြတ်ကြဖို့ လိုပါပြီ။

တိုင်းရင်းသား ပြည်သူပြည်သားအပေါင်း စစ်ကျွန်ဘဝ လွတ်မြောက်ရာလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ။ 

ဂန္ထဝင်မောင်တူး  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024