မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ်လို့ ယူဆရတဲ့ အေကေ ၄၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၇ လက်ကို ဧပြီ ၄ ရက် ဒီနေ့မနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး မယ်လမတ်မြို့နယ်စာတိုက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်းပိုင်းမှတဆင့် မယ်လမတ်မြို့နယ်စာတိုက်ကို ရောက်ရှိလာတဲ့ ပါဆယ်ထုပ်ကြီးတွေကို စာတိုက်ဝန်ထမ်းတွေက မသင်္ကာလို့ ရဲစခန်းထံ အကြောင်းကြားခဲ့ရာကတဆင့် လက်နက်တွေနဲ့အတူ ပစ္စည်းလာထုတ်တဲ့ အမျိုးသားနှစ်ယောက်ကိုပါ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
သိမ်းဆည်းရမိတဲ့ အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်တွေဟာ ရာခိုင်နှုန်းအားဖြင့် ၆၀ လောက်ရှိတဲ့ တပတ်ရစ်သေနတ်တွေဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ကာလပေါက်ဈေးအရ ထိုင်းဘတ်ငွေ ၁ သိန်းခွဲလောက် တန်ဖိုးရှိနိုင်တယ်လို့ နယ်စပ်ကနေ လက်နက်ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။
မဲဆောက်မြို့မြောက်ဘက် ၃၅ ကီလိုမီတာ အကွာမှာရှိတဲ့ မယ်လမတ်မြို့နယ်ရဲ့ တဘက်ခြမ်း နယ်ခြားသောင်ရင်းမြစ်ခြားတဲ့ ကရင်ပြည်နယ် မြဝတီခရိုင် တည်ရှိတာဖြစ်ပါတယ်။