မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝင်းကြီးကျေးရွာရှိ အရပ်သားပြည်သူ ၅ ယောက်ကို စစ်တပ်က ရိုက်နှက် လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားတယ်လို့ ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။
ဧပြီ ၁ ရက် နေ့လယ်ပိုင်းမှာ ချောင်းထဲ ငါးပက်နေတဲ့ ကရင်တိုင်းရင်းသား အရပ်သားပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ် လှုပ်ရှား စစ်ကြောင်းက စုံစမ်းမေးမြန်းစရာရှိတယ်ဆိုပြီး ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဧပြီ ၂ ရက်ဒီကနေ့တော့ မိဘတွေနဲ့ ရပ်မိရပ်ဖတွေက သွားရောက် တွေ့ဆုံခဲ့ပြီး ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ရာမှာ စစ်ကောင်စီတပ်က တစ်ဦးကို ငွေကျပ် ၁၀ သိန်းနှုန်းပေးဖို့ တောင်းလာတယ်လို့ ပဒိုစောစိုးမြင့်က ပြောပါတယ်။
ရိုက်နှက်ဖမ်းဆီးခံရတဲ့သူတွေဟာ အဝင်းကြီးကျေးရွာက အရပ်သား စောသက်နိုင်ထွန်း ၊ စောထွေးလေး၊ စောဆန်းမင်း၊ စောသန်းငယ်နဲ့ စောလေဒိုးတို့ ကြဖြစ်ပါတယ်။
သူတို့ အားလုံးဟာ ကွမ်းခြံနဲ့ ကြုံရာကျပန်း လုပ်ကိုင်စားသောက်သူတွေ ဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က အကြောင်းမဲ့ ပစ်ခတ်တာကြောင့် သထုံမြို့နယ်က အသက် ၆ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးခဲ့တာပါ။