စစ်ကိုင်းတိုင်း မြောင်မြို့နယ်က မြောင်အမျိုးသမီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Myaung Women Warriors ရဲ့ မတ်လအတွင်း လှုပ်ရှားမှုတွေကို ချပြလာပါတယ်။
မတ်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း မိုင်းထုတ်လုပ်ရေး၊ တော်လှန်ရေးအရှိန် ပိုမိုအားကောင်းလာအောင် လေ့ကျင့်ရေးတွေ ဆောင်ရွက်တာ၊ M2W ထောက်ပို့တပ်သားတွေက ကိုယ်ပိုင်ရန်ပုံငွေ ရှိလာစေဖို့ လက်မှုပညာရပ်တွေနဲ့ ရန်ပုံငွေရှာတာအပြင် စားနပ်ရိက္ခာအတွက် စိုက်ကွက်တွေ ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကြားကာလ ပညာသင်ကြားရေးနဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို Myaung Education Network နဲ့ Myaung Medical Team နွေဦးရောင်နီဆေးအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ Myaung Women Warriors က ဆိုပါတယ်။
ထုတ်လုပ်ရေး မိုင်းအမျိုးအစား ၅ မျိုးရှိပြီး ပြည်သူ့ထောက်ပံ့ ကူညီမှုတွေနဲ့ ထုတ်လုပ်ရရှိထားတဲ့ မိုင်းတွေကို မြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုတွေနဲ့ မြို့နယ်အချင်းချင်း တော်လှန်ရေး အဖွဲ့တွေကို ချိတ်ဆက် ဖြန့်ဖြူးပေးနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဒါ့အပြင် လေ့ကျင့်ရေး အပြင်းအထန် ကြိုးစားဆောင်ရွက်နေကြတာဟာ ခုခံတော်လှန်စစ်ကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ အသုံးစရိတ်တွေကို လျှော့ချနိုင်ဖို့အတွက် လက်မှုပညာနဲ့ ရန်ပုံငွေရှာကြသလို ရိက္ခာအတွက် စိုက်ခင်းကရတဲ့ စားသောက်ကုန်တွေကို စစ်သည်တွေရဲ့ စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ ပြည်သူတွေကို ပြန်လည် မျှဝေပေးတယ်လို့ သိရပါတယ်။
မြောင်အမျိုးသမီးတပ်ဖွဲ့ဝင်တဦးက "ခုခံတော်လှန်စစ်ကို ဆင်နွှဲနေကြရတဲ့အခါ အဘက်ဘက်က အရေးတော်ပုံ အောင်မြင်ဖို့အရေး ကြိုးစားဆောင်ရွက်နေကြရသလို မြေပြင်က တော်လှန်ရေးအင်အားစုမတွေရဲ့ အသံကို နားထောင်ပေးဖို့ လိုအပ်ပါတယ်။ မြေပြင်နဲ့ ကင်းကွာလို့မရဘူး ဆိုတာကို သတိချပ်စေချင်ပါတယ်။ M2W ရဲ့ ကြိုးစားအားထုတ်မှုများသည် ‘ပြည်သူ’ အတွက်သာ ဖြစ်တာကို အကြွင်းမဲ့ ယုံကြည်စေချင်ပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။