မွန်ပြည်နယ် ရေးမြို့နယ်ရှိ တပိုင်တနိုင် မွေးမြူရေးလုပ်ငန်းတွေမှာ ကုန်ကြမ်းဈေးနှုန်း ၂ ဆကျော် ကြီးမြင့်လာသလို သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်နေတာတွေကြောင့် တွက်ခြေမကိုက်ကြဘဲ အရှုံးပေါ်နေကြတယ်လို့ မွေးမြူရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
အခုလို ကုန်ကြမ်းဈေးတွေ၊ သယ်ယူစရိတ်တွေ ဆက်လက်မြင့်တက်မယ်ဆိုရင် မွေးမြူရေးလုပ်ငန်း အများစု လုပ်ငန်းရပ်ဆိုင်းထားရမယ့် အခြေနေမှာ ရှိကြတယ်လို့ တပိုင်တနိုင် မွေးမြူရေးလုပ်ကိုင်သူတဦးက ပြောပါတယ်။
"မွေးမြူရေးလုပ်ငန်းတွေမှာက ကုန်ကြမ်းအစာဈေးနဲ့ ထုတ်လုပ်မှုစရိတ် မကိုက်ကြသလို သယ်ယူပို့ဆောင်စရိတ်တွေပါ ကြီးမြင့်လာတော့ ဈေးကွက်မှာ ဈေးတွေ ပိုမိုကြီးမြင့်သွားပြီး ရောင်းအားလည်း မရှိပြန်ဘူးဆိုတော့ လုပ်ငန်းက အရှုံးနဲ့သာ လုပ်ကိုင်နေကြရရင် ရေရှည်မှာ လုပ်ငန်း ဆက်လက်ရပ်တည်လို့ မရဘူး။"
ရေးမြို့နယ်မှာ တနိုင်တပိုင် မွေးမြူရေးလုပ်ငန်း ရာချီရှိပြီး စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်း မွေးမြူရေးလုပ်ငန်း ရာခိုင်နှုန်း ထက်ဝက်ကျော်လောက် လုပ်ငန်းတွေ မလည်ပတ်နိုင်တဲ့ အခြေနေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။ ဥစားကြက်၊ အသားစားကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွားတို့ကို အဓိက မွေးမြူနေကြတယ်လို့ ဆိုပါတယ်။