Home
ဆောင်းပါး
သာသနာဖျက် ကာချုပ်
DVB
·
April 1, 2022
277571914_1044739232922803_3541668396258228683_n

“ယခုအခါ သာသနာတော်ကြီး အရည်အချင်းရော၊ အရေအတွက်ပါ လျော့လာတာလည်း ဝိနည်း မကျင့်ကြလို့သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သာသနာတော်ကို အရင်းပေါ်အောင် ဖော်ရင် ဝိနည်း ကျင့်ကြံကြဖို့ ဖော်ရမှာပဲ"

အထက်ပါ စာစုဟာ ပရိယတ္တိ ပဋိပတ္တိ အရာမှာ ထူးချွန်လှတဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားပြုစုခဲ့တဲ့ တဘဝသာသနာ ကျမ်းစာအုပ်၊ စာမျက်နှာ  ၄၁၄ ပါ စာစု ဖြစ်ပါတယ်။

သာသနာရဲ့အသက်ဟာ ဝိနည်းဖြစ်ကြောင်း ဗုဒ္ဓက မိန့်မြွတ်ဟောကြားခဲ့သလို ပရိယတ္တိ စာပေကျမ်းဂန် ကျွမ်းကျင်တော်မူလှတဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးက ဝိနည်းကို အထူး သတိချပ်ကြဖို့ လှစ်ဟ ရေးသားခဲ့တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် ကာချုပ်မင်းအောင်လှိုင်လက်ထက်မှာတော့ မြန်မာနိုင်ငံက ဗုဒ္ဓသာသနာဟာ ပျက်စီးနေပြီ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေဟာ  နိုင်ငံနဲ့ စစ်တပ်ကို ဖျက်ရုံနဲ့ အားမရဘဲ  ဗုဒ္ဓသာသနာကိုပါ ဖျက်ဆီးနေပြီဆိုတဲ့ အချက်ကို (၇၇) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ မြင်တွေ့ကြရပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေး ကျုံးပတ်လည်မှာ တပ်မတော်နေ့ အခမ်းအနားအဖြစ် စစ်ရေးပြ ချီတက်လာတဲ့ စစ်ကြောင်းတွေကို ပန်းစည်းကမ်း ကြိုဆိုနေကြတဲ့ သံဃာတချို့ကို ဓာတ်ပုံနဲ့တကွ မြင်တွေ့ကြရတာဟာ ဗုဒ္ဓဘာသာဝင် စင်စစ်တွေရဲ့ စိတ်နှလုံးကို ညှိုးချုံးစေပါတယ်။ 

ဒါဟာ ဗုဒ္ဓကလျာဏယုဝအသင်းကြီးရဲ့ ဦးသျှောင်အဖြစ် နေရာယူထားတဲ့ ကာချုပ်မင်းအောင်လှိုင် လက်ထက်မှာ ဖြစ်ပျက်နေတာပါ။ အာဏာရှင်ဟောင်း ဦးနေဝင်းနဲ့ ဦးသန်းရွှေတို့ လက်ထက်မှာတောင် ဒီလို မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စရပ်မျိုး မဖြစ်ခဲ့ဖူးပါဘူး။ တပ်ထောက်ခံသူ လျော့နည်းလာတဲ့အပြင် တပ်ကို စွန့်ခွာသူ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် များပြားလာချိန်မှာ ကာချုပ်မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တစုဟာ သံဃာတွေကိုပါ သူတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးအတွက် အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။  ဒါဟာ  သာသနာရဲ့ အသက်ဖြစ်တဲ့ ဗုဒ္ဓရဲ့ ဝိနည်း နိဿရည်းတွေကို ဆွဲဆုတ်ပစ်လိုက်တာပါပဲ။ ရဟန်းသံဃာတွေဟာ စစ်ချီ၊ စစ်တက်ရာ စစ်ကြောင်းတွေကို ပန်းစည်းကမ်းဖို့ ‌နေနေသာသာ  သွားရောက်ကြည့်ရှုဖို့တောင် မသင့်ဘူးလို့ ဗုဒ္ဓက အတိအလင်း ပညတ်တော်မူခဲ့ပါတယ်။  ဒီလို သွားရောက်ကြည့်ရှုတဲ့ သံဃာဟာ ပါစိတ် အာပတ်သင့်ပါတယ်။ 

ဂေါတမမြတ်စွာဘုရား သာဝတ္ထိပြည်က အနာထပိဏ်သူဌေး လှူဒါန်းတဲ့ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ် ပဿေနဒီကောသလမင်းကြီးဟာ စစ်ချီပါတယ်။ ကောသလမင်းကြီး စစ်ချီတယ် ဆိုတဲ့ သတင်းကြားတဲ့ ရဟန်းတွေဟာ စစ်ချီရာ လမ်းကြောင်းဆီ အပြေးအလွှား သွားကြည့်ကြပါတယ်။ စစ်ချီရာ လမ်းတလျှောက်မှာ ရဟန်းတွေကို တွေ့မြင်နေရာတော့ ကောသလမင်း မနေသာတော့ပါဘူး။ စစ်ကြောင်းကို   ခေတ္တတန့်ရပ်‌ကာ ရဟန်းတွေကို တနေရာမှာ စုဝေးစေပြီး ဘာကြောင့် စစ်ချီရာကို လာကြလဲလို့ မေးလျှောက်ပါတယ်။ မင်းကြီးနဲ့ စစ်ကြောင်းကို တွေ့မြင်ချင်လို့ လာပါတယ်လို့ ရဟန်းတွေက ဖြေကြားပါတယ်။ စစ်ချီတာကို လာကြည့်ခြင်းထက် မြတ်စွာဘုရားထံ သွားကာ ဖူးမြော်တရားနာတာက ပိုသင့်မြတ်တယ်လို့ ကောသလမင်းက လျှောက်ထားခဲ့ပါတယ်။  စစ်ချီတက်တာကို လာကြည့်ကြတဲ့ ပြည်သူတွေကလည်း ကိုယ့်အလုပ် မဟုတ်တဲ့နေရာကို လာရောက် ငေးမောကြတဲ့ ရဟန်းတွေကို ကဲ့ရဲ့ကြပါတယ်။ ဒီဖြစ်စဉ်ကို ဂေါတမဗုဒ္ဓ ပြန်လည်ကြားသိတဲ့အခါ  ဥယျုတ္တသေနာ သိက္ခာပုဒ်ကို ပညတ်ပါတယ်။ 

“ရဟန်းသံဃာတို့သည် စစ်ချီရာနေရာသို့ သွားရောက် ကြည့်ရှုခြင်းငှာ မအပ်” ဆိုတဲ့ အဓိပ္ပါယ်ပါ။ ပန်းစည်းကမ်းဖို့ မဆိုထားနှင့်၊ သွားရောက်ကြည့်ရှုရင်ကို ပါစိတ် အာပတ်သင့်ပါတယ်။ သတ္တဝါတို့အား ညှဉ်းဆဲသတ်ဖြတ်ခြင်း လုံးဝ မပြုရတဲ့ သံဃာတွေဟာ လူသတ်မှု ပြုရတဲ့ စစ်သည် ရဲမက်တွေကို အားပေးအားမြှောက်ပြုတာဟာ စိတ်နဲ့ သတ်ဖြတ်ခြင်း ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။ 

ကာချုပ်မင်းအောင်လှိုင်လက်ထက်မှာ သံဃာတွေကို ခေါ်ယူပြီး စစ်ချီလမ်းကြောင်းကို အားပေးခိုင်းရုံတင် မကပါဘူး။ သံဃာတွေကို သေနတ်ပစ်သင်ပေးပြီး သင်္ကန်းဝတ်ကြီးနဲ့ လက်နက်ပါ ကိုင်ခိုင်းနေတာပါ။  ပြည်သူ ပြည်သူချင်း ပြန်သတ်ဖို့သာမက သံဃာက ပြည်သူကို သတ်ဖို့အထိ မင်းအောင်လှိုင်က အားထုတ်နေတာပါ။ ဒီကိစ္စမှာ စစ်တပ်ထောက်ခံသူတချို့က PDF တွေထဲမှာရော ဘုန်းကြီး သေနတ်ကိုင် မရှိဘူးလားလို့ ဦးသောပါက တဖြစ်လဲ ဗိုလ်သံမဏိကို ပြညွှန်းပြီး စောဒကတက်ကြပါတယ်။ တကယ်တော့ သတင်းဌာနတွေက ဦးသောပါက ခေါ် ဗိုလ်သံမဏိလို့ သုံးနှုန်းကြတာကို အထင်အမြင်လွဲနေကြတာပါ။ တကယ်တော့ တချိန်က သံဃာ ဦးသောပါကဟာ လူဝတ်လဲပြီးမှ လက်နက်ကိုင်ခေါင်းဆောင် ဗိုလ်သံမဏိ ဖြစ်လာတာပါ။ သူ့ကို စွပ်စွဲတဲ့ အမှုတွေအပေါ် သတင်းဌာနတွေက မေးမြန်းလို့ ဖြေကြားရာမှာ “ဦးဇင်းက (သို့) ကိုယ်တော်က” လို့ သူ့ကိုယ်သူ နာမ်စားပြု မဖြေကြားတာကို သတိချပ်မိသူတိုင်းက တချိန်က ဦးသောပါကဟာ အခု လူဝတ် ဗိုလ်သံမဏိဖြစ်နေတာကို သဘောပေါက်ကြမှာပါ။ 

မြန်မာ့လွတ်လပ်ရေးအတွက် ဗမာ့လွတ်မြောက်ရေး တပ်မတော် (BIA) ဖွဲ့စဥ်ကလည်း သင်္ကန်းချွတ် လူဝတ်လဲပြီး BIA ထဲ ဝင်ခဲ့သူတွေ ရှိခဲ့ပါတယ်။ ဒါက မဆန်းပါဘူး။  မင်းအောင်လှိုင် ဖော်ရှိုးလုပ်တဲ့ သံဃာတွေလို သင်္ကန်းဝတ်နဲ့ လက်နက်ကိုင်နေတာ မဟုတ်ပါဘူး။ သာသနာပြုသူဆိုတဲ့ မင်းသားခေါင်း ဆောင်းချင်လှတဲ့ စစ်ဘီလူး မင်းအောင်လှိုင်ကတော့ သင်္ကန်းဝတ်တွေ လက်ထဲ သေနတ်အပ်ပြီး ဗုဒ္ဓရဲ့ ဝိနည်းတော်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖျက်ပစ်နေပါတယ်။  သူ့ကိုယ်ကျိုးစီးပွား အောင်မြင်ရေးအတွက်ဆိုရင် နိုင်ငံနဲ့ စစ်တပ်ကိုသာမက သာသနာကိုပါ ချနင်းပစ်မယ့် စစ်ဘီလူး မိစ္ဆာကောင်ပါပဲ။ 

မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုဟာ တချိန်က ဦးသန်းရွှေ အာဏာသိမ်းသလို စစ်ဗိုလ် စစ်သား ကောင်းစားမယ်လို့ မျှော်မှန်းထားသူတွေဟာ ဒေဝဒတ်နောက်လိုက်တွေလို ဖြစ်မှာပါ။ ဦးနေဝင်း၊ ဦးသန်းရွှေတို့ အာဏာသိမ်းပုံက ပြည်သူကြိုက်ခြင်း မကြိုက်ခြင်းက တကန့်ထားပြီး ရှုမြင်ကြည့်ရင်  ရှင်းလင်းပြတ်သားတယ်လို့ ပြောလို့ရပါတယ်။ ဖဆပလခေတ် ပြည်တွင်းမငြိမ်သက်မှုကို အကြောင်းပြပြီး ဦးနေဝင်း အာဏာသိမ်းတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံကို ဖျက်သိမ်းကြောင်း ကြေညာတယ်။ သူ့စိတ်ကြိုက် ၁၉၇၄ ဖွဲ့စည်းပုံကို ရေးဆွဲ ပြဋ္ဌာန်းတယ်။ ဦးသန်းရွှေတို့ကလည်း ၁၉၈၈ မှာ အာဏာသိမ်းတယ်၊ ဦးစောမောင်ကို ဖြုတ်ချပြီး အာဏာလွှဲပြောင်းယူတယ်။ ၁၉၇၄ ဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အချိန်ယူ ရေးဆွဲတယ်။ ပြည်သူ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကြားကာလမှာ စစ်တပ်အကျိုးစီးပွားကို ဖော်ဆောင်နိုင်တယ်။ တပ်က အရာရှိတွေ အရပ်ဘက်ကို ကူးပြောင်းပြီး ကိုယ်ကျိုးစီးပွား ရှာခွင့် သာခဲ့ကြတယ်။

တတိယမြောက် အာဏာသိမ်းကာချုပ် မင်းအောင်လှိုင်ကတော့ မိန်းမရွှင် အာဏာသိမ်းနည်းနဲ့ သိမ်းထားတာ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း မဖြိုဖျက်ရဲပါဘူး။ ဒီလို ဖွဲ့စည်းပုံကို မဖျက်ရဲတဲ့အတွက် ဦးနေဝင်း၊ ဦးသန်းရွှေတို့လို စစ်တပ်အကျိုးစီးပွား ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာကို တပ်တွင်းက အရာရှိကြီးငယ်များ နားလည် သဘောပေါက်ဖို့ လိုပါတယ်။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အပြည့်အဝသိမ်းထုတ်ပြီး  မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တချို့ဟာ ပါတီတခုခုရဲ့ အရိပ်အောက် ခိုလှုံပြီး အရပ်သားအစိုးရအဖွဲ့ဝင်များအဖြစ် အရှင်ထွက် ထွက်သွားမှာပဲ ဖြစ်ပါတယ်။ စစ်တပ်ထဲက အရာရှိတွေကတော့  လူမလေး ခွေးမခန့်တော့တဲ့ စစ်တပ်ထဲ ကျန်ခဲ့ရပြီး ဘာခံစားခွင့်မှရမှာ မဟုတ်ပါဘူး။ ဘယ်အရပ်ဘက်ဌာနကိုမှလည်း ကူးပြောင်းခွင့်သာမှာ မဟုတ်ပါဘူး။ ဒါဟာ မင်းအောင်လှိုင်ရဲ့ မိန်းမရွှင်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ 

၇၇ နှစ်မြောက် တပ်မတော်နေ့မှာ မိန်းမရွှင်အာဏာသိမ်း ကာချုပ်မင်းအောင်လှိုင်ဟာ တပ်တွင်း စည်းလုံးရေးကို အလေးထားဖို့လိုကြောင်း၊ ဖြိုခွဲလိုသူများရဲ့ အကြံအစည်တွေကို သတိပြုကြဖို့ လိုကြောင်း တတွင်တွင် ပြောဆိုသွားပါတယ်။ သူ့ပြောဆိုချက်တွေဟာ ရှင်ကြီးဂေါတမက ငါတို့သံဃာတွေကို သင်းခွဲနေတယ်လို့ ပြန်လှန်ယိုးစွပ်ပြီး လူမိုက်နောက်လိုက် စုဆောင်းတဲ့ ဒေဝဒတ်လိုပါပဲ။ တကယ်တမ်း စစ်တပ်ကို ရစရာမရှိအောင် နောက်ဆုံးဖြိုဖျက်ပစ်နေတာ မင်းအောင်လှိုင်ပါ။ သူ့ကိုယ်ကျိုးစီးပွား ကာကွယ်ရေးသက်သက်အတွက် နိုင်ငံနဲ့ စစ်တပ်ကို နင်းတက်နေတာပဲ ဖြစ်ပါတယ်။

ဂေါတမ ဗုဒ္ဓမြတ်စွာက မင်္ဂလာတရားတော်ထဲမှာ ‘အသေဝနာစဗာလံနာ’ လူမိုက်ကို ချဉ်းကပ် ပေါင်းသင်း မှီဝဲခြင်း မပြုရာလို့ မိန့်မြွက်ဟောကြားတော်မူခဲ့ပါတယ်။ နိုင်ငံနဲ့ စစ်တပ်ကိုသာမက သာသနာကိုပါ ဖျက်နေပြီဖြစ်တဲ့ ဗာလာနံ မင်းအောင်လှိုင်ကို ယုံကြည်ကိုးစား နောက်လိုက် လုပ်နေကြလျှင်ဖြင့် ........ ။

မင်းစစ်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024