မတ် ၁၁ ရက်နေ့က ဖြစ်သည်။
မနက်ခင်း ၈ နာရီခန့်က ဖုန်းတစ်ခု ဝင်လာသည်။
ကိုဟန်သိန်းထိုက် မြောက်ဥက္ကလာပဆေးရုံကြီး၊ အရေးပေါ်လူနာဌာန ရောက်နေပြီဟု ကိုမြင့်အောင်က လှမ်းပြောသည်။ ကြားရသည့်သတင်းက မယုံနိုင်စရာ သူ့ကိုယ်ကို အန္တရာယ်ဖြစ်မှာ အလွန်စိုးရိမ်တတ်သော ကိုဟန်သိန်းထိုက် ကားပေါ်ထိုင်နေစဉ်မှာပင် ကွန်တိန်နာတင်ကားက ဝင်တိုက်၍ အပြင်းအထန်ဒဏ်ရာရသွားသည်တဲ့။
ထိုကားတိုက်မှု သတင်းကိုတော့ အိပ်ရာထသည်နှင့် Facebook ဖွင့်ကြည့်တတ်သည့် သတင်းသမားဟောင်း ကျနော် သိနှင့်နေပါသည်။ တောင်ဒဂုံမြို့နယ်၊ မောင်းမကန်လမ်းပေါ်ရှိ ဂက်စ်ဆိုင်တွင် ဂက်စ်ဖြည့်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် တက္ကစီယာဉ်များကို ကွန်တိန်နာတင်ယာဉ်က ဝင်တိုက်မိခြင်း ဖြစ်သည်။
အတိုက်ခံရသော ကားငါးစီးထက်မနည်းရှိပြီး တစ်ဦးပွဲချင်းပြီး ကွယ်လွန်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရှိသူ ငါးဦးရှိကြောင်း မီးသတ်တပ်ဖွဲ့က ကနဦး သတင်းထုတ်ပြန်ထားသည်။ ထိုအတိုက်ခံရသည့် ကားများထဲတွင် ကိုဟန်သိန်းထိုက် ပါသွားခြင်းဖြစ်၏။
ကိုဟန်သိန်းထိုက်နှင့် ဖုန်းလှမ်းဆက်သည့် ကိုမြင့်အောင်တို့က သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူများ ဖြစ်သည်။ စိတ်ဖိစီးမှုများသော သတင်းလောကကို ကျောခိုင်းပြီး ကျနော် တက္ကစီ မောင်းနေစဉ် သိကျွမ်းမိသော ကိုယ်ပိုင်တက္ကစီယာဉ်မောင်းများ ဖြစ်သည်။ အသားဖြူဖြူ ကိုယ်ဟန်နွဲ့နွဲ့နှင့် ကိုဟန်သိန်းထိုက်က စိုးရိမ်စိတ်ကြီးတတ်သူ။ လမ်းအတွင်း တော်ရုံ ယာဉ်ကြောရှုပ်နေလျှင်ပင် ဝင်မတိုးဘဲ ယာဉ်ကြောရှင်းသည်အထိ ရပ်စောင့်တတ်သူ။ ရန်ကုန်-မန္တလေး အမြန်လမ်းတွင်ပင် ကီလိုမီတာ ၇၀ ထက် ကျော်မောင်းလေ့မရှိသူ။ သူ့ကားကို ထိမှာ နှမြောသလို လူကိုထိမှာလည်း စိုးရိမ်တတ်သူ။ စစ်တပ်က အာဏာသိမ်းပြီးနောက် တက္ကစီသမားတွေ ဟွန်းတီးသပိတ် ပြုလုပ်စဉ်ကလည်း တချက်ကလေးမျှ မတီးရဲခဲ့သူ။
သင်္ဃန်းကျွန်း၊ ဇဝနလမ်းဆုံရှိ တက္ကစီဂိတ်မှ အခြားယာဉ်မောင်းများက
“ကိုဟန်သိန်း .... ခင်ဗျားလည်း တီးလေ” ဟု ဆော်ဩလျှင်တောင်—
“တော်ပါပြီဗျာ၊ အလကားနေရင်း ထောင်ကျမခံနိုင်ပါဘူး” ဟု ယတိပြတ်ငြင်းခဲ့သူ။ သူများတွေ စီတန်းလှည့်လည် ဆန္ဒပြကြတော့လည်း မလိုက်လိုဟု ခြေကန်ငြင်းတတ်သူ။
တာမွေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များအတွင်းရှိ ရပ်နားထားသော ကားများကို စစ်တပ်နှင့်ရဲက ရိုက်ခွဲဖျက်ဆီးစဉ်က သူနေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဘောဂလမ်းလေးက ကားထားရတာ လုံခြုံတယ်ဟု ကြံဖန် ဂုဏ်ယူနေတတ်သူ။
အခုတော့ အဲဒီလိုလူက ရပ်ထားသည့်ကားပေါ်ထိုင်နေရင်း ယာဉ်တိုက်ခံရပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ် ရောက်နေပြီတဲ့။
တက္ကစီယာဉ်မောင်းတို့၏ သဘောသဘာဝကို မသိသောသူတို့ကမူ သာမန်ယာဉ်တိုက်မှု တစ်ခုဟုသာ ထင်မှတ်ကြပေလိမ့်မည်။ ယခုဖြစ်စဉ်သည် သာမန် မဟုတ်ပါ။ စစ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးက တရိပ်ရိပ်တက်လာခဲ့သည်။ ရုရှား ကျူးကျော်စစ် ဖြစ်သောအခါ ပို၍ပင် တက်လာသည်။ အာဏာသိမ်းမှုကြောင့် ပြိုပျက်သွားသော လူမှုစီးပွားဘဝများထဲတွင် ခြေကုန်လက်ပန်းကျအောင် ကူးခတ်နေရသော တက္ကစီသမားများ စုန်းစုန်းနစ်မြုပ်ကုန်ကြပြီ။
လောင်စာဆီသုံး တက္ကစီ အများအပြား ပြေးဆွဲခြင်း ရပ်နားလိုက်ကြရသည်။ ဂက်စ်နှင့် လောင်စာဆီ နှစ်မျိုးသုံး တက္ကစီယာဉ်မောင်းတချို့လည်း ယခင်ကလို ဂက်စ်ဆီဆိုင်တွင် တန်းစီစောင့်ရတာ ကြာသည်ဟု ဆိုကာ အလွယ်တကူ ဓာတ်ဆီဝယ်ထည့်လိုက်ခြင်းမျိုး မပြုသာတော့။ ဂက်စ်ကိုသာ လုံးလုံးလျားလျား အားထားလာကြရတော့သည်။ အစိုးရပိုင် ဂက်စ်များတွင် ယာဉ်တန်းရှည်ကြီး တမျှော်တခေါ် ဖြစ်လာ၏။ သည်ကြားထဲ လျှပ်စစ်မီးပြတ်တောက်မှုက အချိန်များလာသဖြင့် တချို့ ဂက်စ်ဆိုင်များက ဖြည့်မပေးနိုင်ကြတော့ပေ။ သည်တော့ ဘယ်မြို့နယ်က ဆိုင်မှာဖြင့် မီးလာနေသည်၊ ဂက်စ်ဖြည့်ပေးနေသည်ဆိုသော ရင်ခုန်စိတ်လှုပ်ရှားဖွယ် သတင်းကြီးကို တက္ကစီသမားအချင်းချင်း လက်ဆင့်ကမ်းကာ အပြေးအလွှား သွားရောက် စောင့်ဆိုင်းကြရ၏။ ဂက်စ်ဖြည့်၍ ရပြန်တော့လည်း ပေါင်ချိန်က မပြည့်။ ဤကာလမှာ ဘယ်သူ့ အဖေခေါ်၍ တိုင်လို့ရမည်နည်း။ ဖြစ်သမျှ ငုံ့ခံပေရော့။ တက္ကစီသမားတို့၏ ကာလဒုက္ခ။
မနေ့ညက လျှပ်စစ်မီးလာနေသည်။ ဂက်စ်လည်း ဖြည့်ပေးနေသည်ဟူသော ရင်ခုန်စိတ်လှုပ်ရှားဖွယ် သတင်းကြီးကို ရရှိ၍ ညကြီးမင်းကြီး သွားတန်းစီသော ကိုဟန်သိန်းထိုက် အဖြစ်ဆိုးနှင့် ကြုံသွားရသည်။ ယာဉ်တိုက်မှု ဖြစ်ပွားချိန်က နံနက် ၆ နာရီခန့်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး အခင်းမဖြစ်မီ ညပိုင်းကပင် တန်းစီထားသော ဂက်စ်ဖြည့်ကားများ ရှိနေသေးသည်ဆိုတော့ ဆိုးလှပေစွဟုသာ ဆိုရချိမ့်မည်။
တကယ်တော့ ထိုဂက်စ်ဆိုင်သည် ညပိုင်းဆိုလျှင် တက္ကစီယာဉ်များ ဂက်စ်ဖြည့်လေ့ရှိသည့်နေရာ မဟုတ်ပါ။ YBS တချို့တလေသာ မနက်စောစော ဖြည့်ရန် ရပ်နားထားတတ်သည်။ ထိုနေရာသည် ညဆိုပါက အရှင်းကြီး။ ကွန်တိန်နာတင်ကားက မထိန်းချုပ်နိုင်လျှင်တောင် သူ့ဘာသာ လမ်းဘေး ထိုးကျပြီး ကိစ္စပြီးပြတ်ရမည့်နေရာ။ ယခုတော့ …...
ငယ်စဉ်က ရွတ်ဆိုခဲ့ဖူးသော ဆရာကြီး မင်းသုဝဏ်၏
“ရွက်၀ိုင်းရှင်ရှင် ခွက်လက်ခွင်
ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ။
ပေါက်ပင်ကိုင်းကိုင်း ညိုမှိုင်းမှိုင်း
ငွေဗျိုင်းနားလို့ကိုင်းရတယ်။
ပေါက်ပင်ကိုင်းကိုင်း ညိုမှိုင်းမှိုင်း
ငွေဗျိုင်း ဘာကြောင့်နားရတယ်။
ပေါက်ပင်မြစ်ဖျား ရေစပ်နား
ရွှေငါးပေါ်လို့ နားရတယ်။
ပေါက်ပင်မြစ်ဖျားရေစပ်နား
ရွှေငါးဘာကြောင့်ပေါ်ရတယ် ..…"
ဟူသော ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ကဗျာလေးကိုပင် အမှတ်ရလာသည်။
ကိုဟန်သိန်းထိုက်နှင့် ယာဉ်တိုက်မှုအကြောင်း တွေးတော ဆင်ခြင်မိနေစဉ်မှာပင် ကိုမြင့်အောင်ဆီက ဖုန်းဝင်လာပြန်သည်။ ကိုဟန်သိန်းထိုက် ရရှိထိခိုက်ဒဏ်ရာများဖြင့် ကွယ်လွန်ပြီ ဟူ၏။ အတွေးအာရုံလွှာတွင် ကိုဟန်သိန်းထိုက်အပြင် သူ့သမီးနှစ်ဦးနှင့် ဇနီး၊ သမီးနှင့်အတူနေ သူ့ယောက္ခမကြီး၏ မျက်နှာများပါ ပေါ်လာသည်။ ခက်သည်။ ခက်ပြီ။ ကျန်နေခဲ့သည့် မိသားစုလည်း အခက်ပွေကြရတော့မည်။ ကိုဟန်သိန်းထိုက်တွင် မိသားစုရှိသလို ယာဉ်တိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသူများတွင်လည်း မိသားစုများ ရှိကြပါလိမ့်မည်။ ဘဝများစွာကို ပျက်စီးစေသည့် ဖြစ်စဉ်။
ဝိဇ္ဇာ၊ သိပ္ပံ ထိုနှစ်ဖြာတွင် သုံးကြလေ့ရှိသည့် စကားတစ်ခုရှိသည်။ Effect (သက်ရောက်မှု) တဲ့။ သူနှင့် သူ့မိသားစု ရှင်သန်ရပ်တည်ရေးအတွက် သူရင်ဆိုင်ရန် ကြောက်လှသည့် စစ်အာဏာရှင်စနစ်၏ သွယ်ဝိုက်သက်ရောက်မှုက ကိုဟန်သိန်းထိုက်ကို တမလွန်ဆီ ဆွဲခေါ်သွားခဲ့ပြီ။ အာဏာရှင် ဆန့်ကျင်မှု မလုပ်လျှင် မည်သည့်အန္တရာယ်မျှ မကျရောက်နိုင်ဟု ထင်ထားခဲ့သော ကိုဟန်သိန်းထိုက် သူချစ်လှသည့် မိသားစုကို ခွဲခွါခဲ့ရပြီ။
ယခု ယာဉ်တိုက်မှုတခုသာ မဟုတ်။ ဂရန်ချထားပေးသော အိမ်များကိုပင် ဖြိုဖျက်ခြင်း၊ အားကာ ဝန်ကြီးဌာနက နှစ်ရှည်အခန်းငှားချထားပြီး နှစ်မစေ့မီမှာပင် ရွှေ့ပြောင်းခိုင်းမှုများသည်လည်း စစ်အာဏာရှင်စနစ်က ကုတ်ခြစ်လိုက်သည့် အဆိပ်လက်သည်းများပင်။
ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာဂတော အာဟ
တေသဉ္စ ယောနိရောဓေါ ဧဝံ ဝါဒီ မဟာသမဏော။
မြတ်စွာဘုရားရှင်သည် ရှေးကပြုခဲ့ဖူးသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာကြသော အကျိုးတရားကို ဟောကြားတော်မူသည်။ ထိုအကြောင်းတရားတို့၏ ချုပ်ငြိမ်းရာတရားတို့ကိုလည်း ဟောတော်မူခဲ့ပါသည်။ အကြောင်းကြောင့် အကျိုးဖြစ်၏။ အကြောင်း အကျိုးတရားတို့၏ ဖြစ်ထွန်းရာ အရင်းအမြစ်ကိုရှာ၍ ပယ်သတ်ရာ၏။
ကဲ .... လူဖြစ်လာ၍ နိုင်ငံရေးနှင့် ပတ်သက်နေရသော ကျနော်တို့သည် နိုင်ငံရေးနှင့် မပတ်သက်လိုပါဟု ငြင်းချက်ထုတ်ကာ နေသာသလို နေရုံမျှဖြင့် လွတ်ရိုးလား။
ရင်းမြစ်ကို အမြစ်ဖြတ်ဖို့ မကြိုးစားကြလျှင်ဖြင့် .....….။
မင်းစစ်အောင်
(မှတ်ချက်၊ အမည်များ လွှဲပြောင်းရေးသားထားပါသည်)