ရခိုင်ပြည်နယ်၊ မောင်တော-အငူမှော်လမ်းမှာ ဧပြီ ၁ ရက်နေ့ကစပြီး ခရီးသွားပြည်သူတွေကို နိုင်ငံသားမှတ်ပုံတင် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ရှိသူတဦးက “ဟုတ်ပါတယ်။ ဧပြီ ၁ ရက်နေ့ကစပြီး ခရီးသွားအားလုံးကို မှတ်ပုံတင် စစ်ဆေးသွားမှာပါ။ မှတ်ပုံတင် မပါရင်တော့ သွားလာခွင့် မပြုတော့ပါဘူး” လို့ ပြောပါတယ်။
မောင်တော-အငူမှော် လမ်းမှာ အရင်က တိုင်းရင်းသားတွေအနေနဲ့ မှတ်ပုံတင်စစ်ဆေးတာမရှိဘဲ သွားလာနိုင်ကြပြီး မောင်တောခရိုင်က နိုင်ငံသားဖြစ်ခွင့်မရတဲ့ မွတ်စလင်တွေကတော့ သက်ဆိုင်ရာ ထောက်ခံစာတွေနဲ့ ခရီးသွားလာနေကြတာပါ။
အခုအခါ ထောက်ခံစာတွေနဲ့ ခရီးသွားလာခွင့် မပြုတော့ဘဲ နိုင်ငံသားမှတ်ပုံတင် စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။
မောင်တောဒေသခံ ကားသမားတဦးကတော့ “နိုင်ငံသားကတ်မရှိတဲ့ မွတ်စလင်တွေက စစ်တွေနဲ့ ရန်ကုန်ကို သွားကြရင် ထောက်ခံစာမျိုးစုံတွေနဲ့ သွားကြတယ်။ ထွေအုပ်က ထုတ်ပေးတဲ့ ထောက်ခံစာတွေ ချမ်းသာတဲ့သူတွေဆိုရင် တိုင်းမှူးထောက်ခံစာ၊ နယ်လုံဝန်ကြီး ထောက်ခံစာတွေနဲ့တောင် သွားလာနေကြတာတွေ ရှိတယ်” လို့ ပြောပါတယ်။
အငူမှော် စစ်ဆေးရေးဂိတ်မှာတော့ ...
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီ အချိန်မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်) မပါရှိဘဲ ထောက်ခံချက်ဖြင့် ခရီးသွားလာခြင်းကို ခွင့်မပြုတော့ပါ။
ခရီးသည်များအားလုံး ယာဉ်ပေါ်မှ မိမိတို့၏ နိုင်ငံသားကတ်(မှတ်ပုံတင်)များကို မြင်သာအောင် ပြသရမည်။
ယာဉ်ကို ရပ်တန့် စစ်ဆေးပါက ကြည်ဖြူစွာ အစစ်ဆေးခံရမည် ဆိုပြီး ပြည်သူများသိသာရန် ခေါင်းစဥ်နဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထားတာ ရှိပါတယ်။