Home
ဆောင်းပါး
အော်တိုကရေစီနဲ့ ဒီမိုကရေစီ
DVB
·
March 28, 2022
Article1

ယူကရိန်းစစ်က မပြီးသေးပါဘူး။ အခု တစ်လကျော်လာတဲ့ မတ်လ ၂၅ ရက်မှာ ရုရှားက သူတို့ရဲ့ ယူကရိန်းစစ်ဆင်ရေး ပထမအဆင့် အောင်မြင်ခဲ့ပါပြီလို့ ကြေညာပါတယ်။ တဆက်တည်း စစ်ဆင်ရေး ပထမအဆင့်ပြီးပြီဖြစ်လို့ ယူကရိန်းအရှေ့ပိုင်းက လွတ်မြောက်နယ်မြေ “ဒွန်ဘတ်စ်” ဘက်ကိုပဲ အဓိက အာရုံစိုက်တော့မယ်လို့လည်း ဆိုတယ်။ 

ရုရှားရဲ့ ဒီကြေညာချက်ကို အနောက်မီဒီယာတွေက ရုရှားဟာ ယူကရိန်းမှာ အခြေအနေမလှတော့လို့ ခြေလှမ်းဆုတ်ဖို့ ပြင်နေပြီလို့ သုံးသပ်ရေးသားကြပါတယ်။ မြေပြင်အခြေအနေကို ကြည့်တဲ့အခါ တကယ်လည်း ရုရှားတွေ အခြေအနေမကောင်းတော့ပါဘူး။ စစ်ဆင်ရေး တစ်လအတွင်းမှာ အဓိက မြို့ကြီးတစ်ခုမှ မသိမ်းနိုင်သေးသလို ယူကရိန်း ခုခံရေးသမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေမှာ ရောက်နေတယ်။ ကိဗ်မြို့တော်ကို သိမ်းပိုက်ဖို့ ချီတက်လာခဲ့တဲ့ ရုရှားတင့်ကားတွေဟာ ခုချိန်ထိ ကိဗ်မြို့ အနောက်မြောက်ဘက်မှာ ရှေ့မတက်နိုင်ဘဲ ရှိနေသလို ကိဗ်အနီးအနားက မြို့ငယ်တချို့ကိုတောင် ယူကရိန်းတပ်တွေက ပြန်သိမ်းတော့မယ့် အခြေအနေကို ဆိုက်ရောက်နေတယ်။

ရုရှားတွေကတော့ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်ဟာ ယူကရိန်းရဲ့ အဓိကစစ်ရေးနဲ့ ဆက်သွယ်ရေး ပစ်မှတ်တွေကို ရိုက်ချိုးဖို့ ဖြစ်တယ်လို့ ဆိုတယ်။ တစ်လကျော်ကြာလာတဲ့ ဒီစစ်ပွဲမှာ ရုရှားတွေရဲ့ အကြိမ်ကြိမ် ဒုံးကျည်တွေနဲ့ ပစ်ခတ်မှု၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေကြောင့် ယူကရိန်းမြို့ အတော်များများ အဆောက်အအုံပျက်တွေနဲ့ ပြာပုံအတိ ရောက်ခဲ့ရပြီ ဖြစ်တယ်။ ရုရှားရဲ့ ထိုးစစ်ကြောင့် လူဦးရေ ၄၄ သန်းရှိတဲ့ ယူကရိန်းမှာ ၁၅ သန်းလောက်ဟာ မိမိတို့ရဲ့ အိုးအိမ်ကို စွန့်ခွာပြီး ထွက်ပြေးနေကြရသလို လူဦးရေ ၃ ဒသမ ၅ သန်းဟာလည်း နီးစပ်ရာ ပိုလန်နိုင်ငံကတဆင့် နိုင်ငံကို စွန့်ခွာထွက်ပြေးသွားရပါပြီ။ 

အထူးသဖြင့် လူဦးရေ ၄ သိန်းကျော် နေထိုင်တဲ့ တောင်ပိုင်းက မာရီယူပိုးလ်မြို့ဟာ ရုရှား ဒုံးကျည်လက်ချက်နဲ့ စိစိညက်ညက် ကျေနေပါပြီ။ နောက်ဆုံးသတင်းတစ်ခုမှာ ရုရှား ဒုံးကျည်ပေါက်ကွဲလို့ အားကစားရုံတစ်ခုမှာ ခိုလှုံနေကြတဲ့ အရပ်သား ၃၀၀ ကျော် သေဆုံးသွားတယ်လို့ ဆိုတယ်။ မဟာဗျူဟာကျတဲ့ မာရီယူပိုးလ်မြို့က ခုထိတော့ မကျသေးဘဲ ယူကရိန်းခုခံသူတွေရဲ့ လက်ထဲမှာပဲ ရှိနေသေးတယ်။ တစ်လကျော်ကာလအတွင်း အဓိက မြို့ကြီးတမြို့ကိုမှ လက်ရောက်မသိမ်းနိုင်သေးတဲ့ ရုရှားက သူတို့ဟာ ယူကရိန်းစစ်ဆင်ရေး ပထမအဆင့် အောင်မြင်သွားပြီလို့ ကြေညာလိုက်တယ်။ 

ပထမအဆင့် first phase of operation စစ်ဆင်ရေးအောင်မြင်ပြီဆိုတော့ ဒုတိယအဆင့် စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေ ဆက်လာဦးမလား၊ ဒါမှမဟုတ် သူတို့ရဲ့ အဓိက ပစ်မှတ် “ဒွန်ဘတ်စ်”ကိုပဲ နောက်ဆုတ်သွားမလား စောင့်ကြည့်ရပါဦးမယ်။ သေချာတာကတော့ ယူကရိန်း စစ်ပွဲဟာ မပြီးသေးသလို ရုရှားတွေ နောက်ဆုတ်သွားမလား၊ ရှေ့ဆက်တိုးမလားဆိုတာ စောင့်ကြည့်ကြရပါဦးမယ်။ 

မိုက်မဲတဲ့ အာဏာရှင်ခေါင်းဆောင်တွေဟာ သူတို့ လုပ်သမျှ တရားတယ်လို့ တရားသေမှတ်ယူသလို ပြည်သူတွေကိုလည်း သူတို့ ယုံကြည်တဲ့အတိုင်း ဝါဒမှိုင်းတိုက်ထားတတ်ကြတယ်။ တစ်ဦးချင်း လွတ်လပ်မှုနဲ့ အခွင့်အရေးတွေ ပျောက်ဆုံးနေတဲ့ ဒီနိုင်ငံသားတွေဟာ သူတို့ မယုံကြည်တာကို မယုံကြည်ကြောင်း ပြောဖို့အခွင့်အရေး မရသလို စက်ရုပ်တွေလို လူ့အဖွဲ့အစည်းအဖြစ်နဲ့ ဝိညာဉ်တွေ သေဆုံးပြီး ရှင်သန်နေကြရတယ်။ ပိုလန်ကို ရောက်လာတဲ့ ဂျိုးဘိုင်ဒင်ကတော့ ဒီတိုက်ပွဲဟာ အော်တိုကရေစီကို တွန်းလှန်ဆန့်ကျင်တဲ့ ဒီမိုကရေစီတိုက်ပွဲပဲလို့ အမေရိကန် စစ်သည်တွေကို အားပေးစကားပြောသွားတယ်။ 

ယူကရိန်းမှာ ခုလို စစ်ပွဲကြီးတစ်ပွဲ ဆင်နွှဲနေချိန်မှာပဲ အာရှအရှေ့ဖျားက အော်တိုကရေစီနိုင်ငံ တစ်ခုက တိုက်ချင်းပစ် ဒုံးပျံလက်နက် (ICBM) တစ်ခုကို စမ်းသပ်ပစ်လွှတ်လိုက်တာလည်း တွေ့ရတယ်။ နျူးကလီးယားလက်နက် တပ်ဆင်ထုတ်လုပ်ဖို့ တလျှောက်လုံး ကြိုးပမ်းလာခဲ့တဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံးအန်ဟာ အမေရိကန်နဲ့ အနောက်အုပ်စုကို ခုလို ဒုံးပျံတစ်စင်း ပစ်လွှတ်ပြပြီး သူ့ရဲ့ ကြွက်သားကို ညှစ်ပြလိုက်ပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုကတော့ ချက်ချင်းပဲ “မင်းတို့လူကို ကြည့်ပြောထားဦး” ဆိုပြီး ရုရှားနဲ့ တရုတ်ကို သတိပေးတာကလွဲပြီး ကင်မ်ဂျုံးအန် လုပ်သမျှကို စောင့်ကြည့်နေရတယ်။ 

ထူးခြားတယ်လို့တော့ ဆိုရမယ်။ ဒီတစ်ခေါက် ကင်မ်ဂျုံးအန်ရဲ့ အကြီးမားဆုံး တိုက်ချင်းပစ် ဒုံးပျံ (Hwasong-17) ဟွာဆောင်း-၁၇ စမ်းသပ်မှုကို မြောက်ကိုးရီးယား ဝါဒဖြန့်တီဗီက ခါတိုင်းနဲ့မတူ ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကား အထူးပြုချက် (effects) တွေနဲ့ တခမ်းတနား တင်ဆက်သွားတာ တွေ့ရတယ်။ 

ဘော်ဒီဝိတ်ချထားတဲ့ ကင်မ်ဂျုံးအန်ဟာ ဒုံးပျံစမ်းသပ်ပစ်လွှတ်မယ့် ပြုံယမ်းလေဆိပ် hangar ရှေ့ကနေ ဗိုလ်ချုပ်နှစ်ဦး ခြံရံပြီး လမ်းလျှောက်ထွက်လာတာကို အနှေးကွက်နဲ့ပြ၊ အနက်ရောင်မျက်မှန်ကို ဆွဲချွတ်၊ ဒုံးပျံပစ်တော့မယ့်အချိန်ကို လက်ပတ်နာရီပေါ် ငုံ့ကြည့်၊ နောက်ခံတီးလုံးက ဟောလီးဝုဒ်ဇာတ်ဝင်ခန်းတစ်ခုလို။ ဒုံးပျံပစ်ခတ်ဖို့ ခလုတ်နှိပ်လိုက်ချိန် ပျံတက်သွားတဲ့ ဒုံးပျံနဲ့အတူ တီဗီအစီအစဉ်ကြေညာသူက အောင်မြင်တဲ့အသံနဲ့ အော်ဟစ်ကြေညာ။ ဒါဟာ ဟောလီးဝုဒ်က Top Gun၊  Thunderbirds ဇာတ်ကားတစ်ကားရဲ့ ဇာတ်ဝင်ခန်းလို့ ဆိုရှယ်မီဒီယာတွေက မှတ်ချက်ပေးကြတယ်။ 

မြောက်ကိုးရီးယားမှာ ခုလို ဒုံးပျံစမ်းသပ်ပစ်လွှတ်တာမျိုး ရုပ်သံက ထုတ်လွှင့်တဲ့အခါ အရင်တုန်းကတော့ အစဉ်အလာအတိုင်း ခေါင်းဆောင်ကြီး ကင်မ်အီဆွန်းရဲ့ မှတ်တမ်းတွေ ဝါဒဖြန့်ချိရေး တေးသီချင်းတွေနဲ့ တင်ဆက်တာမျိုးသာ ပြုလုပ်ခဲ့ပေမယ့် ဒီတစ်ခါတော့ ထူးခြားနေလို့ အားလုံးက အံ့အားသင့်နေကြတယ်။ မြောက်ကိုးရီးယားနိုင်ငံသားအများစုဟာ အမေရိကန် အရင်းရှင်တွေရဲ့ ယဉ်ကျေးမှုအမှိုက်သရိုက်အဖြစ် သတ်မှတ်ထားတဲ့ ဟောလီးဝုဒ် ရုပ်ရှင်ကားတွေကို ကြည့်ခွင့်မရှိပါဘူး။ အနည်းစုကသာ မှောင်ခိုဈေးကွက်က တိတ်တဆိတ် ကြည့်ဖူးကြသလို ဒီလို ကြည့်ရှုတာကို တွေ့ရင်လည်း ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံရလေ့ရှိတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလကပဲ မြောက်ကိုးရီးယား နိုင်ငံသားတစ်ယောက်ဟာ Netflix က နာမည်ကြီး တောင်ကိုးရီးယားစီးရီး Squid Games ဗွီဒီယိုကားကို ကော်ပီခိုးသွင်းလာမှုနဲ့ သေဒဏ်ချမှတ်ခံရသလို ကြည့်ရှုခဲ့ကြသူတွေလည်း ထောင်ဒဏ်အပြစ်ပေးခံခဲ့ကြရတယ်။ ဒီလို အခြေအနေမျိုးမှာ မြောက်ကိုးရီးယားရဲ့ နောက်ဆုံးပေါ် တိုက်ချင်းပစ် ဟွာဆောင်း-၁၇ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုးရီးယားရုပ်သံက ဟောလီးဝုဒ်ရုပ်ရှင် ဇာတ်ဝင်ခန်းဆန်ဆန် တင်ဆက်သွားခဲ့တာကတော့ ထူးခြားလှတယ်လို့ ဆိုရမယ်။ 

တကယ်လို့ ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားခဲ့ရင် ဘယ်အခြမ်းမှာ နေမှာလဲလို့ ခုနေခါ မေးလာခဲ့ရင် ဘယ်လို ဖြေကြမလဲ။  ကမ္ဘာကြီးရဲ့ နယ်မြေအပိုင်းအခြားတချို့ဟာ အပိတ်ကမ္ဘာထဲမှာ ရှိနေပြီး တခြားတစ်ဖက်မှာတော့ လွတ်လပ်ပွင့်လင်းတဲ့ ကမ္ဘာတစ်ခြမ်း ရှိနေတယ်။ 

ယူကရိန်းမြေက စစ်ဟာ မပြီးသေးသလို ဒီမိုကရေစီနဲ့ အော်တိုကရေစီတိုက်ပွဲကလည်း မပြီးဆုံးသေးပါဘူး။ 

ချစ်ဝင်းမောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024