ရေစကြိုမြို့နယ်နဲ့ ကလေးမြို့နယ်တို့မှာ မတ် ၂၆ ရက်နေ့က စစ်ကောင်စီတပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မိသားစုဝင် ၂ ဦး သေဆုံး ၂ ဦး ဒဏ်ရာရပြီး ဒေသခံတွေ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တုပ်ကျေးရွာမှာ မတ် ၂၆ ရက်နေ့ညက တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲတာကြောင့် သားအဖ ၂ ဦး သေဆုံးပြီး သားအမိ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဖခင်ဖြစ်သူ ဦးမန်းကျော် ၆ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ဇနီးနဲ့ ၃ နှစ်အရွယ်ကလေးငယ် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဦးမန်းကျော်နဲ့ သူ့သားအကြီးလေးက ဆုံးသွားပြီ။ သူ့မိန်းမနဲ့သားအငယ်က ပခုက္ကူဆေးရုံမှာလို့ကြားတယ်။ သူ့မိန်းမက ကိုယ်ဝန်ကြီးနဲ့။ တမိသားစုလုံး ရိုးသားတဲ့သူတွေပါဗျာ။ ကျနော်တို့မြို့မှာ နောက်နောင်လည်း အဲလိုအဖြစ်မျိုးတွေ မကြုံရချင်ပါဘူး။ ဘာအပြစ်မှမရှိဘဲ မိသားစုတွေ သေကြရတာပါ။”
မတ် ၂၆ ရက်နေ့ ည ၁၁ နာရီလောက်မှာ စစ်ကောင်စီ ခလရ ၂၅၇ နဲ့ ၂၅၈ တပ်တွေက မူးရူးသောက်စားပြီး လက်နက်ကြီးနဲ့ ၃ ကြိမ် ရမ်းကားပစ်ခတ်ခဲ့ကြတယ်လို့ Info committee yesagyo က ထုတ်ပြန်ထားပါတယ်။
လက်နက်ကြီးထိမှန်သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဦးမန်းကျော်တို့ မိသားစုဟာ ရေစကြိုဈေးမှာ ကူညီလုပ်ကိုင်ကာ ရိုးသားစွာ ရှာဖွေစားသောက်နေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်၊ တင်သားကျေးရွာကိုလည်း ကြံသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက မတ် ၂၆ ရက်နေ့ညက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းက ရွာသားအချို့ ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာအတွင်း ထွက်မပြေးနိုင်ဘဲ ပိတ်မိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းတဲ့ သူတွေ ကျန်ရှိနေတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း စစ်ကောင်စီတပ်က အခုလို အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။