ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ- တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စုမှာ မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁ စီး ပစ်ခတ်ခံခံရလို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်က ကင်းထောက်လေယာဉ် ၃ စီးနဲ့ ဒုတိယအကြိမ် လာရောက်ကင်းထောက်ပျံသန်းစဉ် KNLA တပ်ရင်း ၁၀၂ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ထိမှန်ခဲ့တဲ့အတွက် ပျက်ကျတာတော့ မရှိဘဲ လှည့်ပြန်သွားပြီးနောက် လေတပ်ဌာနချုပ်အရောက်မှာ စက်ချို့ယွင်းပျက်စီးသွားခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတွေဆီက သိရတယ်လို့ ဆိုပါတယ်။
ညနေ ၄ နာရီလောက်မှာ တတိယအကြိမ် လေကြောင်းကနေ လေယာဉ် ၁ စီးနဲ့ ထပ်မံပြီး လာရောက်ကင်းလှည့်ထောက်လှမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။
မတ် ၂၃ ရက် မနက်က ဖာပွန်(မူတြော်)ခရိုင်အတွင်း နယ်မြေကျူးကျော် တပ်စခန်းချဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်တွေကို KNLA တပ်ဖွဲ့ဝင်တွေက ၃ ကြိမ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ မတ် ၂၄ ရက်က တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း လာရောက်တပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA တပ်ဖွဲ့ဝင်တွေက ၅ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့တပ်ဘက် ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။