ပဲခူးတိုင်း မင်းလှမြို့နယ် ရွှေစံပြည်ကျေးရွာ အမက ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဆွေရဲ့ နေအိမ်ကို မတ် ၂၃ ရက် ညနေ ၃ နာရီလောက်မှာ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ရဲတွေ လာရောက်ပြီး ချိပ်ပိတ်သွားကြတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဆရာမကြီးဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့ပေမယ့် မိသားစုကို အကျပ်ကိုင်ခံရလို့ Non CDM ပြုလုပ်ကာ လုပ်ငန်းခွင် ပြန်ဝင်နေတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ရွာမှာရှိတဲ့ သတင်းပေး ဒလန်နဲ့ နယ်ထိန်းရဲတို့ ပေါင်းပြီး ဆရာမကြီးဟာ NUG၊ PDF ကို အားပေးထောက်ခံတယ်ဆိုပြီး တိုင်းစစ်ဌာနချုပ်ကို စာပို့တိုင်ကြားခဲ့တာကြောင့် ဇန်နဝါရီ ၁၇ ရက်နေ့ ညနေကျောင်းဆင်းချိန်မှာ အဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။
မင်းလှမြို့နယ်မှာ စစ်ကောင်စီသတင်းပေး ဒလန်တွေရဲ့ သတင်းပေးပို့မှုကြောင့် မတ် ၁၈ ရက်နေ့က PDF တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းခံခဲ့ရတယ်လို့လည်း သိရပါတယ်။