မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီအစိုးရ လက်ထက်တုန်းက မွန်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးဟောင်း နိုင်လဝီအောင်ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
မတ်လ ၁၈ ရက်ကနေ ၂၁ ရက်အထိ ၃ ရက်တာ ကျင်းပခဲ့တဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ပထမအကြိမ် ညီလာခံမှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဒီညီလာခံမှာတော့ မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌအဖြစ် နိုင်လဝီအောင် ၊ ဒုဥက္ကဋ္ဌ (၁) အဖြစ် နိုင်တလညီနဲ့ ဒုဥက္ကဋ္ဌ (၂)အဖြစ် နိုင်ချမ်းတွဲ့၊ အထွေထွေအတွင်းရေးမှူး အဖြစ် နိုင်စံတင်၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် နိုင်လယီတမနဲ့ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် မိစန္ဒာနွန်တို့ ရွေးခဲ့တာ ဖြစ်ပါတယ်။
ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ နိုင်လဝီအောင်ဟာ မွန်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဟောင်းလည်း ဖြစ်သလို မွန်ပြည်သစ်ပါတီရဲ့ စစ်ထောက်ချုပ် ဗိုလ်မှူးကြီးဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။
ဒီညီလာခံမှာတော့ မွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ၂၇ ဦး၊ ဗဟိုကော်မတီအဖွဲ့ဝင် ၈၁ ဦးနဲ့ အရန်ဗဟိုကော်မတီအဖွဲ့ဝင် ၇ ဦးကို ပြန်လည် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
မွန်ညီညွတ်ရေးပါတီရဲ့ ပထမအကြိမ် ညီလာခံမှာတော့ ပါတီဗဟိုကော်မတီရဲ့ အစီရင်ခံစာအပြင် ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းစည်းကမ်းတချို့နဲ့ ပါတီရဲ့ ရှေ့လုပ်ငန်း ၅ ချက်ကို အတည်ပြုဆုံးဖြတ်နိုင်ခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ (၁) နိုင်တလညီက ဒီဗွီဘီကို ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက်ကြောင့် ဝေဖန်မှုတွေနဲ့ ခံနေရတဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ မွန်ညီညွတ်ရေးပါတီက ဒေါက်တာဗညားအောင်မိုးဟာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသလို ပါတီတွဲဖက်အတွင်းရေးမှူး(၁) နိုင်လယီတမကလည်း ပြည်နယ်စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။