အစားအသောက်ပို့တဲ့ဝန်ဆောင်မှု Foodpanda ကုမ္ပဏီကို အစားသောက်ပို့ဆောင်ပေးတဲ့ rider တွေက အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီးနောက် ကုမ္ပဏီဘက်က အော်ဒါကြေးတိုးမြှင့်ပေးမယ်လို့ ကြေညာပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပို့ဆောင်ခရမယ့် အော်ဒါကြေးကို တွက်ချက်တဲ့စနစ်က ချို့ယွင်းခဲ့ပြီးနောက် အခုလိုဖြစ်လာခဲ့တာလို့ ကုမ္ပဏီဘက်က အကြောင်းပြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က စက်ဘီးနဲ့ ပို့ဆောင်သူတယောက်က “အဲဒီနေ့ (မတ် ၁၆ ရက်) ကျနော်က မနက် ၇ နာရီအလုပ်ဆင်းရမယ်။ လိုင်းပေါ်မှာ ၆ နာရီခွဲကတည်းက ရှိနေလိုက်တယ်။ ၆ နာရီ ၄၅ မိနစ်မှာ အော်ဒါတခုဝင်လာတယ်။ တာမွေ မေတ္တာညွန့် ဧရာဝတီ ဒေါ်စောဆိုင်ကနေ ရန်ကင်းကို ၃၇၅ ကျပ်နဲ့။ ကျနော်ငြင်းလိုက်တယ်။ နောက်တော်တော်ကြာတော့ အော်ဒါတခုထပ်ဝင်တယ်။ အဲဒါကတော့ ၈၀၀ နဲ့။ အဲဒီနေ့က အဲဒီတခုပဲ ရလိုက်တယ်” လို့ ပြောပါတယ်။
Foodpanda တာဝန်ရှိသူတယောက်ကတော့ “မတ်လ ၁၆ ရက်နေ့ မနက် ၇ နာရီကနေ ၇ နာရီခွဲ အချိန်အတွင်း တချို့မြို့က rider တွေအတွက် system ကနေ အော်ဒါကြေးတွေ မှားယွင်းစွာ တွက်ချက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ကျနော်တို့သိခဲ့ရပါတယ်။ သိသိချင်းအမြန်ဆုံး ပြန်လည်ပြင်ဆင်ခဲ့ပြီး rider တွေအတွက် လျော့နည်းသွားတဲ့ အော်ဒါကြေးတွေကို ပြန်လည်တွက်ချက်ပေးပြီး ပုံမှန် လစာဝင်မယ့်အချိန်မှာ တခါတည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာလည်း အလားတူ system ချို့ယွင်းမှုမျိုးဖြစ်ခဲ့ပြီး သက်ဆိုင်ရာ ဌာနတွေကနေ အမြန်ဆုံးပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။ system က လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်လာအောင် အစဉ်တစိုက် ကြိုးစားလုပ်ဆောင်နေပါတယ်။ အခုလို ချို့ယွင်းချက်ကြောင့် အဆင်မပြေဖြစ်သွားတဲ့ rider တွေကိုလည်း မေတ္တာရပ်ခံလိုပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
Foodpanda က ပို့ဆောင်သူတယောက်ကတော့ အရင်တခါမှားယွင်းခဲ့တုန်းက နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ အော်ဒါတခုကို ကျပ် ၅၀၀ နှုန်းနဲ့ပဲ ပေးခဲ့တာဖြစ်ပြီး လစာဝင်ချိန်မှာ ပြင်ဆင် ဖြည့်ပေးခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၆ ရက်က မှားယွင်းတွက်ချက်ခဲ့တဲ့နောက်မှာ အစားအသောက်ပို့ဆောင်သူတွေက ဆက်လက်မပို့ဘဲ ရပ်နားထားကြဖို့ တိုင်ပင်ခဲ့ပြီး ရန်ကုန်အပါအဝင် မြို့တချို့မှာ ရပ်နားခဲ့ကြပါတယ်။ ဒီလိုဖြစ်နေတာကို ကုမ္ပဏီက မဖြေရှင်းခဲ့ဘဲ ပို့ဆောင်သူအသစ်တွေခေါ်ယူဖို့ ကြိုးစားခဲ့တာကိုလည်း တွေ့ရပါတယ်။
“ကျနော်တို့ပို့ရတဲ့ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ ရန်ကင်းမြို့နယ်တို့ထဲမှာ rider ၈၀၀ လောက်ရှိတယ်။ အခု ကျနော်တို့ မပို့ဘဲနားထားကြတယ်။ လက်ရှိမှာ ပို့နေတာ ၁၀ ယောက်တောင်မရှိတော့ဘူး။ ဒီလိုကာလမှာ ရုံးရှေ့မှာ သွားပြောရင်လည်း ဘာမှရမှာမဟုတ်ဘူးလေ။ ဒီတိုင်းဆို နှစ်ဦးနှစ်ဖက် ပျက်စီးသွားလိမ့်မယ်။ ဇုန်ခေါင်းဆောင်တွေရှိတယ်။ သူတို့က တဆင့် ညှိနှိုင်းမှ ပြေလည်မှာပေါ့။ ခုထိတော့ အဲလိုဆွေးနွေးတာ မတွေ့ရသေးဘူး” လို့ ပို့ဆောင်သူ တယောက်က ပြောပါတယ်။
foodpanda ဟာ မြန်မာနိုင်ငံက မြို့ပေါင်း ၁၉ မြို့မှာ စားသောက်ဆိုင်ပေါင်း ၃၀,၀၀၀ ကျော်နဲ့ လက်တွဲလုပ်ကိုင်နေပြီး အလွတ်တမ်းသဘော သီးခြားလွတ်လပ်တဲ့ rider ပေါင်း ၈,၀၀၀ ကျော်နဲ့ ပို့ဆောင်နေတာဖြစ်ပါတယ်။
အခုလို ပြဿနာတွေဖြစ်ပြီးနောက် အော်ဒါကြေးတိုးမြှင့်ပေးဖို့နဲ့ ဆိုင်ကယ်နဲ့ ပို့ရတဲ့မြို့တွေမှာ ဓာတ်ဆီအပိုသုံးရတာအတွက် အော်ဒါကြေးတိုးပေးဖို့ သက်ဆိုင်ရာမြို့အသီးသီးက မန်နေဂျာတွေက အသိပေးလိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။