ဧရာဝတီတိုင်း၊ ပုသိမ်-ချောင်းသာ ကားလမ်းပေါ်မှာ မတ်လ ၁၉ ရက် မွန်းလွဲပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး အိမ်စီးကားတစီးမီးလောင်မှုကြောင့် ကလေးတွေအပါအဝင် လူ ၇ ယောက် မီးလောင်သေဆုံးခဲ့တယ်လို့ အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။
ကလပ်ချီရွာထိပ်နားမှာ ကံထူးအောင်ခရီးသည်တင်ကားနဲ့ အိမ်စီးကားတိုက်မိရာကနေ အိမ်စီးကားမီးလောင်ကာ လိုက်ပါလာတဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေး ၂ ဦးအပြင် ခွေးတကောင်ပါသေဆုံးခဲ့တယ်လို့ ပရဟိတအသင်းအဖွဲ့ တဦးက ပြောပါတယ်။
"အားလုံး လူက ၇ ယောက်။ ကလေး ၂ ယောက်လည်း ပါတယ်။ ပြီးတော့ ခွေး ၁ ကောင်ပါ ပါသေတယ်။”
ယာဥ်တိုက်မှုဖြစ်ပြီးနောက် ကားရဲ့ဦးပိုင်းက စတင်မီးလောင်ခဲ့တာဖြစ်ပြီး တံခါးလော့ကျနေတာကြောင့် အထဲကလိုက်ပါလာသူတွေ မီးလောင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကားတိုက်မှုဖြစ်တဲ့နေရာဟာ ကျေးရွာနဲ့အလှမ်းဝေးအပြီး အသွားအလာပြတ်တဲ့နေရာ ဖြစ်တာကြောင့် မီးကိုခက်ခက်ခဲခဲ အချိန်ကြာမြင့်စွာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကားမီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့သူတွေဟာ ဘယ်ဒေသကလာတဲ့ ဘယ်သူဘယ်ဝါတွေဆိုတာ ပိုတော့ ခုချိန်ထိမသိရသေးဘဲ စုံစမ်းနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။