ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းခုံးတံတားအောက်ဘက်မှာ ရေးဆွဲထားတဲ့ နံရံဆေးရေး ဂရပ်ဖစ်တီပန်းချီတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက ဖျက်ဆီးခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ရှုတ်ချလိုက်ပါတယ်။
အဆိုပါ အနုပညာလက်ရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် အစီအစဉ်တစိတ်တပိုင်းအဖြစ် ရေးဆွဲခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီလက်ပါးစေတွေက အဆိုပါ ဂရပ်ဖစ်တီပန်းချီပေါ်ကနေ ဆေးအဖြူတွေသုတ်ပြီး ဖျက်ဆီးခဲ့တာဖြစ် ပါတယ်။
ဒါကို ခုလိုတမင်တကာ ဖျက်ဆီး ပစ်လိုက်တဲ့အပေါ် ရန်ကုန်မြို့ခံတွေကရော ပြည်သူတွေကပါ ပြစ်တင်ရှုတ်ချဝေဖန်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
မြို့သူမြို့သားတွေနဲ့ အနုပညာပူးပေါင်းဆောင်ရွက်မှုရလဒ်ကြောင့် မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရနဲ့ ရန်ကုန်မြို့တော်အာဏာပိုင်တွေက ခွင့်ပြုပေးထားတဲ့ ပြင်သစ်သံရုံးမှပံ့ပိုးပေးထားတဲ့ ရန်ကုန်မြို့က အနုပညာလက်ရာ တစ်ခု ပျောက်ဆုံးသွားခြင်းအတွက် ပြင်သစ်သံရုံးက ရှုတ်ချကြောင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အနုပညာ ထုတ်ဖော်ခွင့်ကို လေးစားလိုက်နာဖို့၊ နိုင်ငံရဲ့ အနုပညာနဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း ပြင်သစ်သံရုံးက တောင်းဆိုထားပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဟာ မလျော်ဩဇာအသုံးပြုပြီး နိုင်ငံတဝန်းက ဘာသာရေးအဆောက်အအုံတွေအပါအဝင် ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာ တွေကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။