ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ် ၁ ရက်မှ မတ် ၁၇ ရက်အထိ သီတင်း ၂ ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၆ ဦး ထိရှိလာပြီလို့ ဒေသခံပရဟိတအဖွဲ့တွေက ပြောပါတယ်။
ပရဟိတအဖွဲ့ဝင်တဦးက “မနေ့က ဆုံးတာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ အားလုံးက ရောဂါအခံရှိလို့ ဆုံးတာပါ။ ကျန်တဲ့သူတွေလည်း အဲဒီအတိုင်းပါပဲ” လို့ ပြောပါတယ်။
ကိုဗစ်ကြောင့် သေဆုံးခဲ့တဲ့ လူနာ ၁၆ ဦးက ရောဂါအခံရှိတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတဦးက “ခုလှိုင်းက ရောဂါအခံရှိတဲ့သူတွေပဲ သေလို့ နောက်ဆို တော်တော်အသေများမှာ။ ခုတောင် ပုသိမ်က သေတဲ့စာရင်းမှာ များတယ်လို့ပြောရမယ်။ ထိန်းချုပ်တာ အားနည်းသလို စည်းကမ်းလိုက်နာတာလည်း အားနည်းတယ်” လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တကျော့ပြန်ကိုဗစ်လှိုင်းကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ၈ ဦး သေဆုံးခဲ့ပါတယ်။