မကွေးတိုင်း မြို့သစ်မြို့နယ် မန်ကျည်းကုန်းကြီးရွာ အနောက်ကျောင်းတိုက်က ခန်းနေ ဦးဇင်း ဦးပညာဇောတကို မတ် ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“မတ်လ ၁၃ ရက်နေ့ကတည်းက ဒလန်တွေက မဟုတ်မမှန်သတင်းပေးတာကြောင့် စစ်ကောင်စီတပ်သား ၂၀ ကျော်လောက် အဲဒီဘုန်းကြီးကျောင်းကိုလာဝိုင်းတာဗျ။ အဲဒီနေ့မှာ ရွာမှာတာဝန်ကျခဲ့တဲ CDM ကျန်းမာရေးမှူး ၁ ယောက်နဲ့ ကျောင်းလုပ်သား ၁ ယောက်ကို ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့တယ်။”
စစ်ကောင်စီတပ်တွေ တပ်သားတချို့ပြန်သွားပြီး ၆ ယောက်လောက် ညအိမ်စခန်းချနေခဲ့စဥ် မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ ပုန်းနေတဲ့ မျက်နှာကြက်ကျိုးကျပြီး စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတယ်လို့ ပြောပါတယ်။
“အဲဒီဦးဇင်းက သူ့ဟာသူ အေးဆေးနေတာဗျ၊ စစ်ကောင်စီရဲ့ သတင်းပေးဒလန်က PDF တွေနဲ့ CDM ဝန်ထမ်းတွေကို ကာကွယ်ပေးတယ်ဆိုပြီး မဟုတ်မမှန် သတင်းပေးလို့ အဖမ်းခံရတာ” လို့ ဒေသခံက ပြောပါတယ်။
မကြီးကုန်းကြီးကျေးရွာကို စက်တင်ဘာ ၁၆ ရက်မှာလည်း ဒလန်တွေက PDF အဖွဲ့တွေ ရှိတယ်ဆိုပြီးတော့ လှမ်းခေါ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက် ဆိုင်ကယ် ၁၆ စီးနဲ့ ဝင်ရောက်မွှေနှောက်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။