မွန်ပြည်နယ် ရေးမြို့နယ်က ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ စက်သုံးဆီစျေးနဲ့ ငါးဖမ်းကိရိယာပစ္စည်းဈေး မြင့်တက်လာတာကြောင့် ကုန်ကျစရိတ်တွေနဲ့ တွက်ခြေမကိုက်ကြဘဲ အရှုံးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
“အခု စက်သုံးဆီစျေးက ၄ ဆ လောက် တက်တယ်၊ ပြီးတော့ ငါးဖမ်းကိရိယာတွေက အစဈေးနှုန်းတွေမှာ ၃ ဆ လောက်နီးပါးလောက်တက်တော့ ကျန်တဲ့ အလုပ်သမားတွေရဲ့ စရိတ်ကလည်း များတော့ ပင်လယ်ငါးဖမ်းလုပ်ငန်းက ရေရှည်မှာ ဘယ်လိုမှ ဆက်လက်ရပ်တည်လို့ မရဘူး” လို့ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဒါ့အပြင် ငါးဖမ်းရာသီကာလမှာ ငါးမရကြတဲ့ ငါးဖမ်းလှေတွေ ကျပ်သိန်း ရာနဲ့ချီ အရှုံးပေါ် နေကြပြီး လုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်နားရဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဈေးနှုန်းတွေ မြင့်တက်တာကြောင့် ရေလုပ်ငန်းရှင် ရာခိုင်နှုန်းထက်ဝက်ကျော်နီးပါးလောက် အခု ငါးဖမ်းရာသီမှာ အရှုံးပေါ်ကြသလို လာမယ့် ငါးဖမ်းရာသီမှာ လုပ်ငန်းပါ ရပ်နားထားရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ရေလုပ်ငန်းရှင် ပြောပါတယ်။
ရေလုပ်သားအများစုဟာ အခြားမြို့တွေက လာရောက်လုပ်ကိုင်ကြတာဖြစ်ပြီး အလုပ်လက်မဲ့များလာပါက မလိုလားအပ်တဲ့ မှုခင်းပြဿနာတွေလည်း ဖြစ်လာနိုင်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
နှစ်စဉ် ငါးဖမ်းရာသီကာလ ရေးမြို့နယ်က ကမ်းနီးကမ်းဝေး ငါးဖမ်းလှေ အစီး ၅၀၀ လောက်ရှိပြီး ရေလုပ်သားတွေ ထောင်နဲ့ချီ၀င်ရောက်လုပ်ကိုင်နေကြတာပါ။
ထွက်ရှိလာတဲ့ ငါး၊ ပုစွန်၊ ငါးခြောက်မျိုးစုံကို ရေးမြို့နယ်အပြင် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးအထိ တင်ပို့နေတယ်လို့ သိရပါတယ်။