ဖေဖော်ဝါရီဟာ ကံမကောင်းခဲ့ပါ။ ကံဆိုးမိုးမှောင်ဟာ မနှစ်က ဖေဖော်ဝါရီ ၁ ရက်မှာ စခဲ့တယ်။ ကိုဗစ်အကန့်အသတ်တွေကြားက လက်ဖက်ရည်ဆိုင်လေး ပြန်ထိုင်ခွင့်ရတုန်းမှာပဲ သတင်းဆိုးတွေ ဝင်လာခဲ့တယ်။ ထင်မထားခဲ့ဘူး။ ဒီလို ဖြစ်လာလိမ့်မယ် ထင်မထားခဲ့ဘူး။ တဘက်က အသံတွေ ပေးနေတာ ကြားနေရပေမယ့် ဒီအဖြစ်မျိုး ဖြစ်လာမယ် မထင်ခဲ့ဘူး။ မထင်ခဲ့ပေမဲ့ တကယ်ဖြစ်သွားခဲ့ပြီ။ အင်တာနက်လိုင်းတွေ တမနက်ခင်းလုံး ပြတ်တောက်သွား။ ကောလာဟလ သတင်းမျိုးစုံ ထွက်လာ။ နိုင်ငံခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရ။
တစ်နှစ်ကျော် ကြာသွားခဲ့ပြီ။ ဆန္ဒပြပွဲတွေ၊ ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ သတ်ဖြတ်မှုတွေ၊ သေဆုံးမှုတွေ၊ ဖျက်ဆီးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ စစ်ဘေးရှောင်တွေ၊ ရွာလုံးကျွတ် မီးရှို့ခံရမှုတွေ၊ အနိဋ္ဌာရုံမျိုးစုံကြားက ကိုဗစ်တတိယလှိုင်းက ဖြစ်လိုက်သေး။ လူတွေ သောက်သောက်လဲ သေလိုက်ကြ။ အကောင်းပကတိ လူတွေ ရုတ်တရက် သေဆုံး။ ရောဂန္တရကပ်၊ သတ္ထန္တရကပ် ဘေးနှစ်ခု တပြိုင်နက်တည်းကြုံလိုက်ကြရ။ မနေ့က ဆီဆိုင်မှာ ၉၂ တစ်လီတာ ၂၁၃၀။ “မြန်မာ့ရွှေဈေး ကျပ် သိန်း ၂၀ကျော် ရောက်ရှိလာပြီး ရန်ကုန် စက်သုံးဆီဈေးမှာလည်း ကျပ် ၂၁၀၀ ကျော်သို့ မြင့်တက်။ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG ဖြည့်တင်းနိုင်ခြင်းမရှိသဖြင့် ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့ ခေါက်ရေလျှော့ချ ပြေးဆွဲနေရ”
ဒါက ဒီနေ့ထုတ် သတင်းစာတစ်စောင်ရဲ့ သတင်းခေါင်းစဉ်။ ဒေါ်လာဈေး၊ ရွှေဈေး၊ လောင်စာဆီဈေး အစစအရာရာ ကုန်ဈေးနှုန်းတွေ တဟုန်ထိုးတက်တော့ ငွေတန်ဖိုးတွေကျ။ ပြည်တွင်းနိုင်ငံရေး ပဋိပက္ခ အကျိုးဆက်ကို ဥရောပစစ်မီးက မီးလောင်ရာလေပင့်။ မြန်မာပြည်သူတွေခမျာ မြွေပူရာ ကင်းမှောင့်၊ ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ။
ဖေဖော်ဝါရီဟာ ကံမကောင်းခဲ့ဘူး။ ဒီနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာပဲ ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်မှုကို ရုတ်တရက် ခံလိုက်ရတယ်။ ဒါလည်း အလွန်အကျွံ မျှော်လင့်မထားခဲ့ပါဘူး။ ရုရှားဟာ ယူကရိန်းနယ်စပ်မှာ စစ်အင်အားတိုးချဲ့ချထားတယ်။ မကြာခင် ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်တော့မယ်ဆိုတဲ့ မှန်းဆချက်တွေ ရှိပေမဲ့ ဒီလို တကယ် ဖြစ်လာလိမ့်မယ်လို့တော့ ထင်မထားခဲ့မိဘူး။ ဥရောပမှာ ရုရှားလို စစ်အင်အားကြီး နိုင်ငံတစ်ခုက နိုင်ငံငယ်တစ်ခုကို ရုတ်တရက်ဝင်တိုက်ဖို့ဆိုတဲ့ မှန်းဆချက်က ဖြစ်နိုင်ခြေနည်းတယ်လို့ပဲ ထင်မှတ်ခဲ့တယ်။ တကယ်သာ တိုက်ခဲ့ရင် အနောက်အုပ်စုနိုင်ငံတွေနဲ့ ထိပ်တိုက်တွေ့ပြီး ကမ္ဘာစစ်တောင် ဖြစ်သွားနိုင်လို့ မဖြစ်နိုင်ဘူး ထင်ခဲ့တယ်။
ဒါလည်း မှားသွားတယ်။ မထင်တာတွေ တကယ်ဖြစ်လာခဲ့တာပဲ။ ခုတော့ စစ်ပွဲက ရက်သတ္တပတ် နှစ်ပတ် (၁၄ ရက်)နီးပါး ရှိလာခဲ့ပြီ။ ယူကရိန်းမြို့ငယ်အချို့ကို ရုရှားတပ်တွေ သိမ်းပိုက်ထားပြီး မြို့တော် ကိဗ်ကို သိမ်းဖို့ တာစူနေတယ်။ မြို့ကြီး မြို့ငယ် အများအပြား ရုရှားဒုံးကျည်တွေရဲ့ တရစပ် ပစ်ခတ်မှု၊ လေယာဉ်များနဲ့ ဗုံးကြဲမှုကြောင့် အပျက်အစီးတွေ အတုံးအရုံး။ မီးလောင်ထားတဲ့ အဆောက်အဦတွေ၊ ပြိုပျက်သွားတဲ့ နေအိမ်တွေ၊ မြေအောက်ဘူတာရုံထဲက စစ်ဘေးရှောင်သူတွေ၊ ယူကရိန်းဟာ ကမ္ဘာပျက်သွားခဲ့တယ်။ ဖေဖော်ဝါရီ ၂၄ မတိုင်ခင်အထိတော့ ကိဗ်မြို့က ကော်ဖီဆိုင်တွေမှာ လူတွေ အေးအေးချမ်းချမ်း ကော်ဖီသောက်နေကြတုန်းပါ။ စစ်ဟာ ဒီလိုနဲ့ ရုတ်တရက် ရောက်လာတယ်။ ကံဆိုးမိုးမှောင်ကျခဲ့တယ်။ ရုရှားဒုံးကျည်တွေ ကိဗ်အနား ကျလာတော့ မြို့သူမြို့သားတွေ ကသောကမျောနဲ့ မြို့က ထွက်ပြေးဖို့ ကြိုးစားကြတာ ကားတန်းရှည်ကြီးက တမျှော်တခေါ်။ လေယာဉ်အချက်ပေး ဥဩသံတွေဟာ မကောင်းဆိုးဝါး အော်ညည်းသံတွေလို ချောက်ချားစရာ ဖြစ်ခဲ့တယ်။ စစ်ကြီးက မပြီးသေးပါဘူး။ ကိဗ်ကိုလည်း ရုရှားတပ်တွေ မသိမ်းနိုင်သေးပါဘူး။ မူလက နှစ်ရက်အတွင်း သိမ်းနိုင်မယ် ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ဘူး။
ခုဆို ယူကရိန်း စစ်ပြေးဒုက္ခသည် နှစ်သန်း ကျော်သွားပါပြီ။ ဖေဖော်ဝါရီ ၂၄ မတိုင်မီ ကိုယ့်အိုး ကိုယ့်အိမ်မှာ ပုံမှန်အတိုင်း နေထိုင်နေကြတဲ့ ယူကရိန်းပြည်သူတွေဟာ စစ်ကြောင့် ဒုက္ခသည်အဖြစ်ကို ပြောင်းလဲသွားခဲ့ရတယ်။ ဂျာမနီနိုင်ငံ ဘာလင်ကို နေ့စဉ် ယူကရိန်း စစ်ပြေး တစ်သောင်း ရောက်လာနေသလို အိမ်ရှင် ဂျာမနီကလည်း လူသားချင်းစာနာလို့ နေရာထိုင်ခင်းတွေ ပေးကြတာ တွေ့ရတယ်။ စစ်ကြီးက မပြီးသေးဘူး။ ဒီရက်ထဲ ရုရှားက သာမန်ပြည်သူတွေ ဘေးလွတ်ရာပြေးနိုင်ဖို့ လမ်းဖွင့်ပေးထားပြီး အပစ်အခတ် ရပ်ပေးထားတယ်။ မြို့သူမြို့သားတွေကတော့ ကိုယ်နေထိုင်ရာ မြို့ကို ဘယ်စွန့်ခွာချင်ကြပါ့လဲ။ မစွန့်ခွာလို့ ကျန်နေခဲ့ရင် အသက်အန္တရာယ်ကို ဘယ်သူမှ တာဝန်ယူမှာ မဟုတ်ဘူး။ ယူကရိန်း ခုခံရေးတပ်တွေနဲ့ ရုရှားတပ်တွေအကြား တိုက်ပွဲတွေကြောင့် ရုရှားစစ်သည် ၅၀၀၀ ကျော် သေဆုံးသလို တင့်ကားတွေ၊ တိုက်လေယာဉ်တွေကိုလည်း ဖျက်ဆီးပစ်ချနိုင်ခဲ့တယ်။ စစ်တို့ရဲ့ သဘောသဘာဝအတိုင်း ရုရှားဘက်ကတော့ သေဆုံးသူအရေအတွက် ဒီလောက်မများဘူး။
သူတို့ဟာ ကျူးကျော်စစ် ဆင်နွှဲနေတာ မဟုတ်။ နာဇီလူတစ်စု လက်အောက်ရောက်နေတဲ့ ယူကရိန်းကို ကယ်တင်နေတာ။ ယူကရိန်းကို စစ်မဲ့ဇုန် (demilitarization) အဖြစ် ကယ်တင်ပေးနေတာလို့ ဆိုတယ်။ ဒီစစ်ပွဲဟာ တရားသောစစ် ဖြစ်တယ်။ ယူကရိန်းဟာ သမိုင်းကြောင်းအရ ရုရှားပိုင်နယ်မြေ ဖြစ်တယ်။ အနောက်အုပ်စု လက်အောက်ခံ အဖြစ်မခံနိုင်ဘူးလို့ ဆိုတယ်။
“အမေရိကန်နဲ့ နေတိုးအုပ်စုဟာ အီရတ်မှာ လူအမြောက်အမြား သေစေနိုင်တဲ့ လက်နက်တွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုံခြုံရေးကောင်စီ သဘောတူညီချက်မရဘဲ ဝင်တိုက်ခဲ့တယ်။ ဆားဗီးယားနဲ့ ကိုဆိုဗိုကို ဗုံးကြဲခဲ့ကြတယ်။ လစ်ဗျားကို ဝင်တိုက်ပေးခဲ့တယ်။ ဒါတွေကရော တရားမျှတမှု ရှိရဲ့လား” လို့ ပူတင်က ယူကရိန်းစစ်ပွဲကို ဒီလို မျှခြေယူခဲ့တယ်။
ဒီစစ်ပွဲကို အမေရိကန်ရော နေတိုးအုပ်စုပါ ကိုယ်ထိလက်ရောက် ဝင်မပါဘဲ စောင့်ကြည့်နေကြတယ်။ အဓိက စီးပွားရေးပိတ်ဆို့မှုနဲ့ လက်နက်ထောက်ပံ့မှုပဲ လုပ်တယ်။ ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုက ပြင်းထန်တယ်။ ရုရှားစီးပွားရေးတစ်ခုလုံးကို ရိုက်ချိုးလိုက်သလို ဖြစ်သွားတယ်။
ဘိုင်ဒင်က ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့ကို မဝယ်တော့ဘူးလို့ ဆိုတယ်။ ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့ကို ပိတ်ဆို့ရင် ဥရောပက အပြင်းထန်ဆုံး ခံရမယ်။ ဥရောပဟာ ရုရှားဓာတ်ငွေ့တွေကို မှီခိုနေရတယ်။ ဒီရက်ထဲ လောင်စာဆီဈေးတွေ ရုတ်ခြည်း ထိုးတက်သွားတာ ဒီအချက်တွေကြောင့်ပဲ။ စတားဘတ်၊ ကိုကာကိုလာ စတဲ့ အမေရိကန်အမှတ်တံဆိပ်တွေ ရုရှားက ပြန်ရုပ်သွားပြီ။ လေကြောင်းလိုင်းတွေ မပျံတော့ဘူး။ ဘဏ်တွေ အလုပ်မလုပ်နိုင်တော့ဘူး။ မာစတာ ဗီဇာကတ်ကုမ္ပဏီတွေ ပြန်ရုပ်သွားကြပြီ။ အထိနာတာကတော့ အတူတူပဲ။ စစ်ကြောင့် ဘယ်သူမှ အကျိုးမရှိဘူး။ လတ်တလော စစ်ဘေးဒဏ်သင့်ခံနေရတာက ပြည်သူတွေ။
ဒီစစ်ပွဲကြီး ဘယ်တော့ပြီးမလဲ မမှန်းဆနိုင်သေးဘူး။ ယူကရိန်းသမ္မတကတော့ အဆုံးစွန် ခုခံသွားမယ်လို့ ဆိုနေတယ်။ စစ်ပွဲက ယူကရိန်းထဲမှာပဲ ပြီးသွားရင် အကြောင်းမဟုတ်ဘူး။ ယူကရိန်းနယ်စပ်ကို ကျော်လွန်လာရင်တော့ ကမ္ဘာကြီးအတွက် အန္တရာယ်ရှိသွားပြီ။
စစ်ကို စတင်သူတွေဟာ သူတို့ ဘယ်တော့မှ မမှားဘူးလို့ အမြဲတမ်း ငြင်းလေ့ရှိကြတယ်။ စစ်ကြောင့် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးတွေ၊ အသက်တွေ၊ အိုးအိမ်စည်းစိမ်တွေဟာ နှမြော ဝမ်းနည်းစရာကောင်းလှတယ်။ ကမ္ဘာကြီးဟာ ရောဂန္တရကပ်ဆိုးကြီးက လွတ်မြောက်မယ် မကြံသေးဘူး။ သတ္ထန္တရကပ်ဆိုးနဲ့ ထပ်ပြီး ရင်ဆိုင်နေရပြန်ပြီ။
ရုရှားကတော့ ယူကရိန်းဟာ ရုရှားနယ်မြေပဲလို့ ခံယူထားတယ်။ ယူကရိန်းနိုင်ငံသား သုံးယောက်မှာ တစ်ယောက်က ရုရှားစကား ပြောတယ်။ ယူကရိန်းမီဒီယာတွေမှာ ရုရှားဘာသာစကားကို သုံးစွဲတယ်။ ရှည်လျားတဲ့သမိုင်းကြောင်းမှာ ယူကရိန်းဟာ ရုရှားအင်ပါယာအောက်မှာ နှစ်အကြာကြီး နေခဲ့တယ်။ ဆိုဗီယက်ပြိုကွဲအပြီး ၁၉၉၁ ကျမှ လွတ်လပ်ရေးရလာတဲ့ ယူကရိန်းမှာ အနောက်လိုလားတဲ့ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားလာတာကို ရုရှားအနေနဲ့ မနှစ်မြို့ဘူး။ အထူးသဖြင့် အတိတ်တချိန်က ဩဇာခံဖြစ်ခဲ့တဲ့ ဒီနိုင်ငံကို အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရင်ခွင်ထဲ ထည့်မပေးနိုင်ဘူး။ တကယ်တော့ ရုရှားဟာ ယူကရိန်းကို တဘက်အုပ်စုထဲ လုံးဝ အဝင်မခံခဲ့တာ ခုမှမဟုတ်ဘူး။ ဆိုဗီယက်က ခွဲထွက်ပြီး လွတ်လပ်တဲ့ ယူကရိန်းနိုင်ငံသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်လက်ထက် ၂၀၁၃ ကတည်းက အနောက်အုပ်စု လိုလားသူနဲ့ ရုရှားလိုလားသူတွေကြား လွန်ဆွဲပွဲတွေ ဖြစ်ခဲ့တယ်။ ယာနူကိုဗစ်က ရုရှား လိုလားသူ ဖြစ်ပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အများစုက အနောက်အုပ်စုရဲ့ လစ်ဘရယ်ဒီမိုကရေစီ လိုလားသူတွေ ဖြစ်တယ်။ လွှတ်တော်က ဥရောပသမဂ္ဂနဲ့ ပူးပေါင်းလိုပေမဲ့ ရုရှား လိုလားတဲ့ ယာနူကိုဗစ်က လက်မခံဘူး။ ဒီလိုနဲ့ လူထုဆန္ဒပြပွဲတွေကတဆင့် အရှိန်မြင့်လာပြီး ယာနူကိုဗစ် ထွက်ပြေးသွားရတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားဟာ ကရိုင်းမီးယားကို ဝင်သိမ်းလိုက်တာ ခုထိပဲ။
တကယ်တော့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို အတင်းအဓမ္မ အင်အားသုံး ဝင်ရောက်တိုက်ခိုက်တာဟာ ကျူးကျော်မှုတစ်ခုပါပဲ။ စစ်ဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးပါဘူး။ စစ်အင်အားနဲ့ အနိုင်ယူတဲ့ ဓလေ့တွေ ကမ္ဘာမှာ ချုပ်ငြိမ်းသွားဖို့ လိုအပ်တယ်။ ဖေဖော်ဝါရီဟာ ကံမကောင်းခဲ့ပါဘူး။
ချစ်ဝင်းမောင်