ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေး လမ်းခွမှာ မတ်လ ၉ ရက် မနက် ၆ နာရီလောက်က ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးခဲ့ပါတယ်။
ဒီမနက် ၆ နာရီလောက်က လင်ဖုံလေး လမ်းခွမှာ ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို ကရင်နီ ပူးပေါင်းတပ်ဘက်က ၁ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။
အလားတူ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီး ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ Karenni Generation Z က ဦးဆောင်သူတဦးဖြစ်သလို CDM ကျောင်းဆရာတဦးလည်းဖြစ်တဲ့ ဆရာ ဇော်လင်းထွန်း (ခ) ဆော်ရယ် ကျဆုံးသွားခဲ့တယ်လို့ KGZ က အတည်ပြုပြောဆိုပါတယ်။
“ကုန်းသာတိုက်ပွဲမှာ စနိုက်ပါထိတာပေါ့ ခေါင်းကို။ သူက ပညာရေးကောလိပ်ကျောင်းက ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ကော်မတီဝင်လည်းဖြစ်တယ်။ ကျနော်ပြောချင်တာက (ေ-)ကို ပြန်သတ်ချင်တယ်။ ဒါပဲရှိတယ်။”